၃ နှစ်သမီးလေး

August 20, 2018

မြားတထောင်ကျော်ပစ်ပြီး ဂင်းနစ်စံချိန်တင်ရန် ကြိုးပမ်းသည့် ၃ နှစ်သမီးလေး

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က အသက် ၃ နှစ်အရွယ် မိန်းကလေးတဦးဟာ မြား ၁၀၀၀ ကျော်ကို ပစ်ခတ်ပြသခဲ့ပြီး ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ India Today သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အိန္ဒိယ လွတ်လပ်ရေးနေ့မှာ ဆန်ဂျာနာဆိုတဲ့ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူ မိန်းကလေးဟာ အကွာအဝေး ၈ မီတာက ပစ်မှတ်ကို မြားအချက်ပေါင်း ၁၁၁၁ ထိ ပစ်ခတ်ပြခဲ့တာပါ။ ပစ်ခတ်ချိန် ၃ နာရီခွဲ ကြာမြင့်ခဲ့ပြီး အကြိမ်ရေ အတော်များများ ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ ကလေးငယ်ဟာ တနာရီပစ်ခတ်ပြီးတိုင်း ငါးမိနစ် အနားယူခဲ့ပြီး ၂ နာရီ ကြာမြင့်ချိန်မှာတော့ ပင်ပန်းနွမ်းနယ်တာ ရှိခဲ့ပေမယ့် အလျော့မပေးဘဲ ဆက်လက် ပစ်ခတ်ခဲ့တယ်လို့ သူရဲ့ နည်းပြဖြစ်သူက ပြောပါတယ်။ ကလေးငယ်ဟာ မြားပစ်ခတ်နေတုန်း ခြေထောက်ဒဏ်ရာ ရခဲ့ပေမယ့်လည်း ဆက်လက်ယှဉ်ပြိုင်ခဲ့တာပါ။ သူ့ရဲ့အိပ်မက်က အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရဖို့ ဖြစ်တယ်လို့လည်း အသက် ၃ နှစ်အရွယ် ဆန်ဂျာနာက ပြောကြားခဲ့ပါတယ်။
3 years Ago
Up