၃ နှစ်ကလေး

March 2, 2019

၃ နှစ်ကလေး မူးယစ်ဆေးသုံးစွဲသည့် ဗွီဒီယိုဖိုင်ထွက်ပေါ်၊ မြို့ခံတဦးကို မေးမြန်းချက် (ရုပ်သံ)

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ထဲမှာ ၃ နှစ်အရွယ် ကလေးငယ်တဦး မူးယစ်ဆေးဝါးကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲနေတဲ့ ဗွီဒီယိုဖိုင်တခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီး ကြည့်ရှုသူတွေက အမျိုးမျိုးဝေဖန်ပြစ်တင်နေကြပါတယ်။ ခန္တီးမြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲတာ ဘယ်လောက်ထိ အခြေအနေ ဆိုးရွားနေပြီလဲ၊ အခုလို ကလေးငယ်တွေ သုံးစွဲတာကတော့ ဘယ်နှရာခိုင်နှုန်းလောက်အထိ ရှိနေပြီလဲ။ အဲဒီဒေသဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီအခြေနေတွေနဲ့ ပတ်သက်ပြီး ခန္တီးမြို့ခံတဦးကို ဒီဗွီဘီသတင်းထောက် ကျော်ဇေယျာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - အဲဒီအကြောင်းလေး ပြောပြပေးပါလား။ ဖြေ - ကျနော်တို့ ခန္တီးမြို့နယ်ထဲမှာ ပါတယ်။ စစ်ကိုင်းနဲ့ ကချင်အစပ်မှာရှိတယ်။ ပယင်းထွက်တဲ့ ဒေသပေါ့။ ဒီနှစ်ပိုင်းမှာပိုပြီးဆိုးလာတယ်။ အရင်တုန်းကတော့ အဲဒီလိုမဟုတ်ဘူး။ ပယင်းကလည်း ထွက်တာများလာတဲ့အခါကျတော့ နေထိုင်တဲ့ သူတွေကလည်း များလာပြီးတော့ မူးယစ်ဆေးဝါးပိုပြီးတော့ ဆိုးလာတာပေါ့။ ကျနော်သွားတော့ တွေ့တဲ့ဟာ ဘာလဲဆိုတော့ မူးယစ်ဆေးဝါးက တော်တော်လေးကို ဆိုးနေပြီ။ ပေါ်တင်ရောင်းတဲ့သဘောမျိုး။ အုပ်ချုပ်ရေးပိုင်းက လက်လှမ်းမမီနိုင်ဘူး အဲဒီနေရာတွေက။ ဘာစိုးရိမ်ရလဲဆိုတော့ အဲဒီနေရာမှာ ကေအိုင်အေလည်း ရှိတယ်။ ရှမ်းပြည်လက်နက်ကိုင်တွေလည်းရှိတယ်။ အဲလိုဆိုတော့ ထိန်းချုပ်လို့ မရဘူးပေါ့။ ကျန်တဲ့ အာဏာပိုင်နဲ့ သတင်းအဖွဲ့တွေနဲ့ ညှိတဲ့အခါကျတော့ ဒါတွေကတော့ ဒီလိုဖြစ်နေပြီ။ ကျနော်တို့ မျိုးဆက်တွေအတွက် ဘယ်လိုမှ အခြေအနေ မကောင်းနိုင်ဘူး။ သူတို့ကတော့ လုပ်မယ်ပေါ့။ ဒါပေမယ့် လုပ်မယ်ဆိုပေမယ့် ကျနော်တို့ဒေသ ရဲလုံခြုံရေးနဲ့ ကျနော်တို့ လုပ်လို့မရဘူး။ တိုင်းကနေ လုပ်မှရမယ်။ အုပ်ချုပ်ရေးပိုင်း ပါနေတဲ့အတွက် လုံးဝအဆင်မပြေဘူးပေါ့။ တချို့ဖမ်းမယ်ဆိုရင်တောင် သတင်းက ပေါက်နေပြီ။ အဲလိုတွေ ဖြစ်နေတယ်။ ပေါ်တင်ရောင်းနေတယ်။ ရောင်းလိုက် ရှူလိုက်ဖြစ်နေတယ်။” မေး - မူးယစ်ဆေးဝါး သုံးတဲ့မှုအပေါ် အဲဒီဒေသရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ဖြေ - ဘယ်လိုဖြစ်နေလဲဆိုတော့ ပေါ်တင်ကြီး မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတယ်။ ၅၀၀ ဖိုး ၁၀၀၀ ဖိုးကအစ အကုန်လုံး ဝယ်လို့ရနေတဲ့ အခြေအနေဖြစ်နေတယ်။ နယ်မြေကလည်း မထိန်းချုပ်နိုင်တဲ့အခါကျတော့ ပိုဆိုးတာပေါ့။ မေး - ကလေးလေး ဗွီဒီယိုဖိုင်ဆိုရင် တော်တော်လေး ပြန့်နေပြီ။ အဲဒီကလေးလေး ဆိုရင်လည်း တော်တော်ကြီးကို ကျွမ်းကျင်တဲ့အဆင့် ရောက်နေတယ်ပေါ့နော်။ အဲလို ကလေးမျိုး အဲဒီဒေသမှာ ဘယ်လောက် ရာခိုင်နှုန်းလောက်ရှိနေပြီလဲ။ ဖြေ - အဲလိုကလေးမျိုး ၂ဝ ရာခိုင်နှုန်းလောက်ရှိမယ်။ ၃ နှစ်ကလေးတွေဆိုရင် ၂ဝ ရာခိုင်နှုန်း၊ ဆယ်ကျော်သက်တွေဆိုရင် ၁ဝဝ ရာခိုင်နှုန်းရှိတယ်။ အဲဒီဒေသမှာ မူးယစ်ဆေး မစွဲတဲ့သူ တော်တော်ရှားတယ်။ မေး - အဲဒီဒေသမှာရော မူးယစ်ဆေးဝါး ဈေးနှုန်းက ဘယ်လောက်ရှိလဲ။ ဖြေ - ၅၀၀၊ ၁၀၀၀ ဖိုးတောင် ဝယ်လို့ရတယ် အကို။ ဘယ်အချိန်ဖြစ်ဖြစ် အချိန်မရွေး ဝယ်လို့ရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ မေး - အဲဒီဘက်က ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက အရေးယူမှုတွေ ဘာတွေ မရှိဘူးလား။ ဖြေ - အဲဒါနဲ့ ပတ်သက်ပြီး အရေးယူမှုအပိုင်းမှာ လုံးဝ အားနည်းနေတယ်။ လွှတ်တော်မှာ ဆိုရင်လည်း ခန္တီးအမတ်တွေ မေးထားတယ်။ ဒါပေမယ့် အစိုးရပိုင်းက မလုပ်တဲ့အခါကျတော့ ကျနော်တို့ သတင်းပေးရင်တောင် တချို့သတင်းတွေ ဖျောက်တဲ့ဟာတွေရှိတယ်။ ကျနော်တို့ မြို့ပေါ်တောင် လွှမ်းခြုံမှု အားနည်းနေတဲ့အခါကျတော့ အဲဒီဘက်တွေဆို အုပ်ချုပ်ရေးပိုင်းနဲ့ ဝေးနေတဲ့အခါကျတော့ ဘယ်လိုမှ မနှိမ်နင်းနိုင်ဘူး။ မိတာလည်း မရှိခဲ့ဖူးဘူး။ မေး - အဲလိုမျိုး မနှိမ်နင်းနိုင်ဘူးဆိုတော့ ခန္တီးမှာရှိနေတဲ့ လွှတ်တော်အမတ်တွေကရော အဆင့်ဆင်တက်ပြီး အရေးယူဖို့ မလုပ်ဆောင်ကြဘူးလား။ ဖြေ - လွှတ်တော်ကတော့ မေးထားပြီးပြီ။ ကတိကဝတ်လည်းရှိထားပြီးပြီ။ အစိုးရဘက်က အလုပ်လုပ်ရမှာ တရားဥပဒေ၊ လုံခြုံရေးနဲ့ ဆိုင်တဲ့အတွက် မြန်မာနိုင်ငံ ရဲတပ်အဖွဲ့အနေနဲ့ ဘယ်လိုပူးပေါင်းပြီးတော့ လုပ်သင့်တယ်ဆိုတာ သူတို့လုပ်သင့်တယ်။ ဒါကတော့ သူတို့ဘက်က မလုပ်တဲ့အခါကျတော့ ကျနော်တို့ ပြည်သူက ဘယ်လိုပဲလုပ်လုပ် အဆင်မပြေနိုင်ဘူး။ ကျနော်တို့ ပြည်သူသွားလုပ်ရင် ကျနော်တို့ကို ကာကွယ်မယ့်သူမရှိဘူး။ ကျနော်တို့ပဲ သေနတ်နဲ့ ပစ်သတ်ခံရမယ်။ မေး - လွှတ်တော်ကလည်း တင်ပြတယ်။ အရေးယူမှုမရှိဘူးဆိုတော့ အဲဒါ ဘာကြောင့်လို့ ထင်လဲ။ ဖြေ - အုပ်ချုပ်ရေးပိုင်းက ဘယ်လိုပြောလဲဆိုတော့ ကျနော်တို့နယ်မြေအနေနဲ့ အရမ်းဝေးလွန်းတယ်။ နယ်မြေကလည်း မတည်ငြိမ်ဘူးဆိုတော့။ တဖက်မှာလည်း ကေအိုင်အေဝင်တယ်။ အဲလိုမျိုး ပုံစံမျိုးပြောတယ်။ ဒါပေမယ့် စစ်ဆင်ရေး သဘောမျိုး လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့မလုပ်ဘဲ စစ်တပ်ကို အကူအညီ တောင်းပြီးတော့ ပိုပြီးအဆင်ပြေ ထိရောက်နိုင်တယ်။ ဒါကတော့ သူတို့ ဟန်ပြပေါ့။ တကယ်လုပ်မယ်ဆိုရင် တကယ်ဖြစ်ပါတယ်။ သူတို့ တကယ်မလုပ်လို့ လက်တွေ့မှာ တကယ့်လက်ကြီးသမားတွေ မမိဘူးပေါ့ အဲလိုဖြစ်နေတယ်။ ဖမ်းတဲ့အခါကျတော့ ရှူတဲ့လူတွေလိုက်ဖမ်းတယ်။ အဲလိုမျိုး လုပ်နေလို့ကတော့ ဘယ်တော့မှ ပပျောက်မှာ မဟုတ်ဘူး။ မေး - အကို့အနေနဲ့ရော ဒါနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။ ဖြေ - ကျနော့်အနေနဲ့ ဒါနဲ့ ပတ်သက်ပြီး စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ ဒေသမှာ ကလေးတွေ တော်တော်လေး ပျက်စီးလာပြီ။ ၃ နှစ်ကလေးဆိုတာ ဘယ်လို့မှ မဖြစ်သင့်ဘူးပေါ့ဗျာ။ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဒါကို အမြန်ဆုံး နှိမ်နင်းပေးစေချင်တယ်။ ကျနော်တို့ မြို့တင်မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ နှိမ်နင်းပေး စေချင်တယ်။
4 years Ago

July 24, 2018

၃ နှစ်ကလေး အက်ဆစ်ဖြင့် တိုက်ခိုက်ခံရ၊ သံသယရှိသူ ၃ ဦးကို ဖမ်းဆီး

ဗြိတိန်နိုင်ငံ လန်ဒန်အနောက်မြောက်ပိုင်း ဝေလနယ်ထဲက ကုန်စုံဆိုင်ထဲမှာ ၃ နှစ်သား ကလေးကို အက်ဆစ်နဲ့ တိုက်ခိုက်မှု သံသယနဲ့ အမျိုးသား ၃ ယောက်ကို ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ ဒီအမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားကို ဝူလ်ဗာဟမ့်တွန် ဒေသမှာ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပြီး ရဲအချုပ်နဲ့ ထိန်းသိမ်းထားပါတယ်။ စနေနေ့က ဝေါဆက်စ်တာမြို့အတွင်း Home Bargains ကုန်စုံဆိုင်ထဲမှာ တမင်သက်သက် တိုက်ခိုက်ခံရလို့ ၃ နှစ်သားအရွယ် ကလေးငယ်ဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ ဝက်စ်မာစီယာ ရဲတပ်ဖွဲ့က ပြောပါတယ်။ ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမှုမှာ ပူးပေါင်းကြံစည် လုပ်ဆောင်မှု သံသယနဲ့ အသက် ၂၂ နှစ်၊ ၂၅ နှစ်နဲ့ ၂၆ နှစ် အသီးသီးရှိတဲ့ အမျိုးသား ၃ ယောက်ကို လန်ဒန်မြို့မှာ ဖမ်းဆီးခဲ့တာပါ။ ကလေးကတော့ လက်မောင်းနဲ့ မျက်နှာမှာ ဆိုးဆိုးရွားရွား လောင်ကျွမ်းခံရလို့ ဆေးကုသ ခံယူပြီး ဆေးရုံကနေ ဆင်းသွားပါပြီ။ ကလေးရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ရေရှည်ရိုက်ခတ်မှု ဘယ်လိုရှိမယ်ဆိုတာ မသိရသေးဘူးလို့ ရဲက ပြောပါတယ်။
5 years Ago
Up