၃-၁ ဂိုးဖြင့် အနိုင်ရ

March 5, 2017

လီဗာပူးအသင်းက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ(ရုပ်သံ)

စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲနိုင်လို့ လီဗာပူးအသင်းဟာ ဒီနှစ်ရာသီထဲမှာ အသင်းကြီးတွေကို မရှုံးသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၉ မိနစ်မှာ ဖာမီနိုက အပိုင်ကန် သွင်းယူပါတယ်။ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှူး ဆန်းချက်ကို ပွဲအစမှာ ထုတ်မသုံးဘဲ အရန်ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး ကစားပုံ ကောင်းခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဒုတိယဂိုးကို အာဆင်နယ် နောက်တန်း လူကပ်မထားတဲ့ အမှားကနေ တိုက်စစ်မှူး မာနေး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကို လူစားဝင်လာတဲ့ ဆန်းချက်ရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ၀ဲလ်ဘက်က သွင်းယူပါတယ်။ လီဗာပူးအတွက် အပိတ်ဂိုးကို အချိန်ပိုမိနစ်မှာ လူကျွံဘော ထောက်ချောက်က လွတ်ထွက်လာတဲ့ ဘောလုံးကို ၀ီနယ်ဒန်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ လီဗာပူးက ၅၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး အာဆင်နယ်က အမှတ် ၅၀ နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up