၃ ဦးသေဆုံး

October 15, 2021

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဆောက်လက်စ တိုက်ပြိုကျပြီး ၃ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ဆောက်လက်စတိုက်တလုံး  အောက်တိုဘာ ၁၅ ရက် ဒီနေ့နံနက်ပိုင်းက ပြိုကျခဲ့ပြီး ကန်ထရိုက်တာ ၁ ဦးနဲ့ ဆောက်လုပ်ရေးလုပ်သား ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦးသေဆုံးသွားပါတယ်။ 

ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ မေယုလမ်းထိပ်၊ ကျန်စစ်သားလမ်းနဲ့ မေယုလမ်းထောင့်တွင် ဆောက်လုပ်ဆဲ  သုံးထပ်တိုက်ပြိုကျခဲ့တာဖြစ်ပြီး  အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သူ ၃ ဦးကိုတော့    မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ထားရပါတယ်။

"စုစုပေါင်း ၆ ဦးတွေ့ပါတယ်။ အကုန်လုံးကို မြောက်ဥက္ကလာဆေးရုံကိုပို့လိုက်ပါပြီ။ သုံးဦးက ဆုံးသွားပါတယ်။" လို့ စေတနာရှင်ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါအဆောက်အဦ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။  တိုက်ပြိုကျတဲ့ နေရာကို အနီးနားက ပြည်သူတွေ အများအပြား လာရောက်ကြည့်ရှုခဲ့ပြီး စစ်ကောင်စီတပ်တွေကလည်း ရောက်လာကာ လက်နက်အပြည့်အစုံနဲ့ စောင့်ကြပ်နေတာ တွေ့ရပါတယ်။

လက်ရှိအချိန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးသွားပြီဖြစ်ပေမဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေက  အပျက်အစီးတွေကို ဆက်လက်ဖယ်ရှား ရှင်းလင်းနေကြပါတယ်။

Photo- MPA/MFS

3 months Ago

October 30, 2020

ပြင်သစ်တွင် ဓားဖြင့်တိုက်ခိုက်ခံရမှုကြောင့် ၃ ဦးသေဆုံး

ပြင်သစ်နိုင်ငံ နီးစ်မြို့က ခရစ်ယာန် ဘုရားကျောင်းနားမှာ အောက်တိုဘာ ၂၉ ရက်က ဓားနဲ့ တိုက်ခိုက်မှုအတွင်း ခေါင်းဖြတ်ခံရတဲ့ အမျိုးသမီးတယောက် အပါအဝင် လူ ၃ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ “ဒါဟာ အကြမ်းဖက်ဝါဒ လုပ်ရပ်ပဲ၊ တိုက်ခိုက်သူဟာ အလ္လာဟူ အက္ကဘာလို့ ထပ်ခါတလဲ အော်ခဲ့တယ်” လို့ နီးစ်မြို့တော်ဝန်က ပြောပါတယ်။ နာမည်ကျော် နိုထရီဒိမ်း ခရစ်ယာန်ဘုရားကျောင်းနားမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ရဲတွေက တိုက်ခိုက်သူကို ဖမ်းထားပြီလို့ မြို့တော်ဝန်က ပြောပါတယ်။ ဒီလအစောပိုင်းကလည်း ကျောင်းသင်ခန်းစာအတွင်း လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်း သင်ကြားချိန်မှာ တမန်တော် မိုဟာမဒ်ရဲ့ ကာတွန်းပုံကို ကျောင်းသားတွေကို ပြခဲ့လို့ ပြင်သစ် အလယ်တန်းကျောင်း ဆရာတယောက်ကို ချေချင်း တိုင်းရင်းသား အမျိုးသားတယောက်က သတ်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ္နစ် ခွဲထွက်ရေး ဝါဒကို တိုက်ဖျက်မယ်လို့ ပြင်သစ်သမ္မတ က ပြောခဲ့တဲအတွက် ကမ္ဘာတလွှား မွတ်စလင် နိုင်ငံတွေက ဒေါသထွက်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြခဲ့ကြပါတယ်။ တမန်တော်ရဲ့ ကာတွန်းပုံကြောင့် ဒေါသထွက်နေတဲ့ မွတ်စလင် လူများစုနိုင်ငံတွေမှာ ခရီးသွားနေကြတဲ့ ပြင်သစ် နိုင်ငံသားတွေ လုံခြုံရေးသတိ ပိုရှိကြဖို့ ပြင်သစ်အစိုးရက သတိပေး ထားပါတယ်။
1 year Ago
Up