၃ ဦးသေ

November 12, 2017

ရန်ကုန်-ပြည် ကားလမ်းတွင် ယာဉ်မတော်ဆမှုဖြစ်၊ ၃ ဦးသေ

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အုန်းကုန်းကျေးရွာ အနီးရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၆၈/၃) မှာ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ရပ်ထားတဲ့ ၂၂ ဘီးတွဲယာဉ်ကို CANTER ယာဉ်က အနောက်ကဝင်တိုက်မိလို့ ယာဉ်မောင်းအပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။ “ကျနော်တို့ ယာဉ်တိုက်မူဖြစ်တယ်လို့ သတင်းရလို့ သက်သေတွေနဲ့ အတူသွားစစ်ဆေးတော့ စက်ပျက်လို့ရပ်ထားတဲ့ ၂၂ ဘီးတွဲယာဉ်ကို CANTER ၆ ဘီးယာဉ်က အနောက်ကဝင်တိုက်ထားလို့ ကားခေါင်းပိုင်းတခုလုံး ချိုင့်ဝင်နေပြီး လူတွေပါညပ်နေတာကို တွေ့တယ်။ စစ်ဆေးကြည့်တော့ သေနေပြီး နောက်ကလူတွေလည်း ဒဏ်ရာရထားလို့ မနည်းဆွဲထုက်ရတယ်။ ဥက္ကံဆေးရုံကိုတော့ မေတ္တာရေစင်အဖွဲ့က ကားတွေနဲ့ပိုဆောင် ပေးခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို စစ်ဆေးကြည့်တော့ တွဲကားကပျက်လို့ ကားလမ်းပေါ်မှာ ရပ်ထားတာ တခြားကားတွေကတော့ ရှောင်မောင်းသွားပေမယ့် ဒီကားက ဘရိတ်အုပ်ထားတဲ့ အရာလည်းမတွေ့ဘူး။ ဘေးကိုဆွဲချထားတဲ့ အရာလည်းမတွေ့ဘူး။ တည့်တည့်ဝင်တိုက်ထား တာဖြစ်မယ်” လို့ အမူစစ်ဒုရဲအုပ် မင်းသူက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း မြင့်ဇော်ဦးနဲ့ ယာဉ်မောင်းဘေးလိုက်ပါလာတဲ့ အမည်မသိအမျိုးသားတဦး၊ ယာဉ်နောက်ခန်းမှာလိုက်ပါလာတဲ့ ကိုသန်းစိုး တို့ သုံးဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး မသန္တာအေး၊ မစန်းစန်းအေး၊ ကိုကျော်စန်းနဲ့ ကိုအောင်ဝင်သိန်း တို့ ၄ ဦးကတော့ ဥက္ကံဆေးရုံမှာ ဆေးကုသမူခံယူနေရတယ်လို့ သိရပါတယ်။ ဥက္ကံနယ်မြေရဲစခန်းက ယာဉ်မောင်း မြင့်ဇော်ဦးကို ယာဉ်မဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄-က/၃၃၈ တို့နဲ့ အမူဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မေသွယ်
4 years Ago

February 18, 2017

မိုးညှင်းတွင် မြေသယ်ကားတစီး တိမ်းမှောက်၊ ၃ ဦးသေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နမ္မချီ မှော်နဲ့ ဝဠာမှော်သွားကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ ဆယ်ဘီးမြေသယ်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်မှာ မော်ဟန်ကျေးရွာအနောက်ဘက် မိုင် ၆၀ လောက်အကွာ ဝဠာမှော်နဲ့ နမ္မချီမှော်ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ နေလင်း မောင်းနှင်လာတဲ့ နီဆန်းယူဒီ အမျိုးအစား အစိမ်းရောင်ဆယ်ဘီးကား အရှိန်မထိမ်းနိုင်ပဲ လမ်းရဲ့ယာဘက်ကို တိမ်းမှောက်ခဲ့တာ လို့ မိုးညှင်းရဲ့စခန်းက ပြောပါတယ်။ ကားပေါ်လိုက်ပါလာတဲ့ ဦးကျော်မြိုင်၊ ကိုငယ်လေးနဲ့ မောင်ထက်ထက်တို့ ၃ ဦးသေဆုံးခဲ့ကြပြီး အောင်ဇော်မိုး၊ ဦးသန်းနိုင်နဲ့ ဦးနှင်းလွင်တို့ ၃ ဦးကို မိုးညှင်းခရိုင်ပြည်သူ့ ဆေးရုံကြီးကို အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်ဖြစ်သူကတော့ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်း ရှောင်သွားတယ်လို့ ဆိုပါတယ်။ မိုးညှင်းမြို့အမှတ် ၁၀၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မြင့်မိုးက တရားလိုပြုလုပ်ပြီး အမှုစစ် ဒုရဲအုပ် အေးမင်းက ယာဉ်အား မဆင်မခြင်မောင်နှင်တဲ့ နေလင်းအား မိုးညှင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး တိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
4 years Ago
Up