၃ ဦးလုံးသေဆုံး (ရုပ်သံ)

June 3, 2017

အမေရိကန်တွင် ၀ရမ်းပြေးနှင့်စုံထောက်နှစ်ဦး အပြန်လှန်ပစ်ခတ်၊ ၃ ဦးလုံးသေဆုံး (ရုပ်သံ)

နစ်ဆန်းကား အရောင်းအဆောက်အအုံတခုထဲမှာ ဆုငွေထုတ်ထားတဲ့ ဝရမ်းပြေးတဦးနဲ့ လိုက်လံဖမ်းဆီးတဲ့ စုံထောက် ၂ ဦးတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးလုံး သေဆုံးသွားပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဂရင်းဗေးလ်မြို့မှာ မေ ၃၀ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်လောက်က နစ်ဆန်း ကားအရောင်းပြခန်း ရုံးခန်းထဲမှာ ဖြစ်ခဲ့တာပါ။ ရုပ်သံထဲမှာ ရုံးခန်းအတွင်း သေနတ်ပစ်ခတ်မှု အချက်ပေါင်းများစွာ ကြားရပြီး အမျိုးသမီး တဦးကလည်း မလုပ်ကြနဲ့လို့ အော်ဟစ်နေပါတယ်။ ဒီအခင်းဖြစ်မှုကို အသံဖမ်းနေတဲ့ ဝယ်သူတဦး ရုတ်တရက် ဖုန်းပြုတ်ကျသွားပြီး အကာအကွယ်ရှိရာဆီကို ပြေးဝင်လိုက်တာကိုလည်း တွေ့ရပါတယ်။ ပိုင်ရှင်ဖြစ်သူ ရစ်က်ဖို့ဒ်က အမျိုးသား ၂ ဦး သူတို့ဆီ ရောက်လာပြီး သူတို့က ဖက်ဒရယ်အေးဂျင့်တွေလို့ ပြောကြောင်း၊ ဒါပေမယ့် အမှတ်အသားမပြသလို ဘာအမှတ်တံဆိပ်မှလည်း မပြခဲ့ဘူးလို့  စီဘီအက်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။ “ကျနော်တို့က သူတို့ကို ခွင့်မပြုသလို သူတို့က ဖက်ဒရယ်အေးဂျင့်ပောလို့ ထွက်သွားဖို့လည်း မပြောပါဘူး၊ သူတို့က အရပ်ဝတ် ဝတ်ဆင်ထားတဲ့ အရာရှိတွေလို့ ကျနော်တို့က ထင်တယ်လေ” လို့ ရစ်က်က ပြောပါတယ်။ အမေရိကန် ထွက်ပြေးလွတ်မြောက်သူ ပြန်လည်ဖမ်းဆီးရေး Fugitive and Extradition မှ စတူးပီတာက လိုက်ဖမ်းသူ ၂ ဦးဟာ ဂါဘရီရယ်ဘာနယ်နဲ့ ဖီဒယ်လ်ဂါစီယာဆိုတဲ့ လိုင်စင်ရ အလွတ် စုံထောက်တွေ ဖြစ်တယ်လို့ စီဘီအက်စ်သတင်းဌာနနဲ့ ပြောစဉ် အတည်ပြုလိုက်ပါတယ်။ သူတို့ ၂ ဦးက မူးယစ်ဆေးဝါးလက်ဝယ်ရှိမှု၊ ရဲထံမှာ လက်နက်ယူဆောင်မှုနဲ့ အလိုရှိနေတဲ့ ရာမွန်ဟက်ချင်ဆန်ကို ရှာဖို့ တက္ကဆက်ကို ရောက်လာကြတာဖြစ်ပါတယ်။ ၀ရမ်းပြေးဖြစ်တဲ့ ဟက်ချင်ဆန်က သူ့ရည်းစားကောင်မလေးနဲ့အတူ ကားရောင်းဖို့ နစ်ဆန်ကားပြခန်းကို လာခဲ့တာကို သိသွားကြတယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲ ကားပြခန်း ပြန်အလာကို စောင့်ဖမ်းရင်း ဒီလိုရင်ဆိုင် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ဖမ်းသူ ၂ ဦးက ဟက်ချင်ဆန်နားကပ်ပြီး ဖက်ဒရယ်အေးဂျင့်တွေဖြစ်ကြောင်းပြောပြီး ဖမ်းဖိုကြိုးစားစဉ်မှာ ပစ်ခတ်မှု စခဲ့တယ်လို့ မစ္စတာဖို့ဒ်က ပြောပါတယ်။ အခြား ကားလာရောက်ဝယ်ယူ ကြည့်ရှုသူတွေနဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ မရကြပေမယ့် လိုက်ဖမ်းသူ ၂ ဦးနဲ့ ထွက်ပြေးသူတို့ ၃ ဦးစလုံး သေဆုံးသွားတယ်လို့ မစ္စဖို့ဒ်က ပြောပါတယ်။ ၆ စက္ကန့်အတွင်း သေနတ်အချက်ပေါင်း ၂၀ ပစ်ခတ်ခဲ့တာလို့ ရဲတွေက ခန့်မှန်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြတယ်လို့ မေရာရဲ့ ဇွန်လ ၂ ရက်နေ့သတင်းမှာ ရေးထားပါတယ်။
4 years Ago
Up