၃ နှစ်

September 11, 2020

၃ နှစ်အတွင်း ထိပ်သီး ၆ သင်းစာရင်းဝင်ရေး ပစ်မှတ်ထားဟု လိဒ်အသင်းပိုင်ရှင်ပြော

လာမယ့် ၃ နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၆ သင်းစာရင်းဝင်ဖို့ ပစ်မှတ်ထားတယ်လို့ လိဒ်ယူနိုက်တက်အသင်းပိုင်ရှင် အန်ဒရေ ရတ်ရီဇာနီကပြောပါတယ်။  လိဒ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းအတွက် ပိုကောင်းမွန်တဲ့အနာဂတ်တခုကို စတင်ဖန်တီးပြီး တန်းဆင်းရမယ့်အရေးကနေ ရှောင်လွဲနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ အန်ဒရေ ရတ်ရီဇာနီက “ကျနော်တို့ ပရီးမီးယားလိဂ်မှာ ၂ နှစ်ဆက်တိုက် ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ဒီ ၂ နှစ်ကို အဆင်ပြေပြေဖြတ်သန်းနိုင်ခဲ့ပြီးပြီဆိုရင် ထိပ်ဆုံးကအသင်းတွေနဲ့ ကွာဟချက်ကို လျှော့ချဖို့ အဆင်သင့်ဖြစ်နေနိုင်ပါပြီ။ ကျနော့်ရည်မှန်းချက်ကတော့ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ထိပ်ဆုံးက ၆ သင်းနဲ့ ကပ်လျက်အနေအထားမှာရှိနေဖို့ပဲဖြစ်ပါတယ်” လို့ AP သတင်းကို ပြောခဲ့ပါတယ်။  ဒီလိုဖြစ်အောင် ဖြည့်ဆည်းမှုတွေပြုလုပ်ပေးထားပြီး အခုနွေရာသီ အပြောင်းအရွေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၅၀ အသုံးပြုထားပါတယ်။  လိဒ်အသင်းဟာ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားပြီး ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ ဒရက်စလာတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။  ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားပေမယ့် ဒီခေါ်ယူမှုတွေဟာ အသင်းရဲ့အဝတ်လဲခန်းအတွင်း စည်းလုံးမှု ထိခိုက်စေမှာကိုလည်း စိုးရိမ်တယ်လို့ ရတ်ရီဇာနီက ဆိုပါတယ်။ အသင်းအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံလုပ်ဆောင်ပေးသွားမှာဖြစ်ပေမယ့် အသင်းဟာ မဝေးတော့တဲ့ အချိန်ကာလအတွင်း လက်စတာစီးတီးအသင်းလို ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲတာမျိုး၊ ဥရောပဝင်ခွင့်ရရှိထာမျိုးတော့ ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ လိဒ်အသင်းပိုင်ရှင်က ပြောပါတယ်။ “ဒီလိုအခြေအနေမျိုးတွေကတော့ ဖြစ်မလာနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်တို့အသင်းမှာ  ဒီလိုဖြစ်လာနိုင်မယ့် အခြေခံအားနည်းလို့ဖြစ်ပါတယ်။ လက်စတာလိုမျိုး မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ဥပမာရှိခဲ့ပေမယ့် ကျနော်တို့အနေနဲ့ ကိုယ့်အသင်းရဲ့ ဖြစ်တန်စွမ်းကို သိရှိသဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ပဲဖြစ်ပါတယ်။”   
1 year Ago
Up