၃ ဒသမ ၇ သန်း

September 2, 2020

အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေ ၃ ဒသမ ၇ သန်းနီးပါးရှိလာ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူဦးရေဟာ စက်တင်ဘာ ၁ ရက်မှာ ၃ ဒသမ ၇ သန်းနီးပါးထိ ရှိလာပါတယ်။ ဒါပေမဲ့ အစိုးရက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေ ဆက်လက်ကျင်းပခွင့်ပြုထားပြီး  သန်းချီတဲ့ ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုခဲ့ကြပါတယ်။ ပါးစပ်၊ နှာခေါင်းစည်းတွေကို ဝတ်ထားတဲ့ ကျောင်းသား ၂ သန်းကျော်ဟာ နိုင်ငံတဝန်း စာစစ်ဌာနတွေမှာ စာရင်းသွင်းခဲ့ကြပြီး ဆေးနဲ့ အင်ဂျင်နီယာတက္ကသိုလ်တွေကို ဝင်ခွင့်အတွက် စာမေးပွဲဖြေခဲ့ကြတာပါ။ လူချင်းခွာနေတာ၊ လက်ဆေးတာနဲ့ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးတာတွေကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီစာမေးပွဲကို ကျင်းပဖို့ ဒီနှစ်ထဲမှာ ၂ ကြိမ် ရွှေ့ဆိုင်းအပြီးမှာ ထပ်ရွှေ့ဆိုင်းဖို့ ပြည်ထောင်စု အစိုးရက ငြင်းခဲ့ပါတယ်။  ကူးစက်မှုထိန်းချုပ်ဖို့ အသွားအလာ ကန့်သတ်ထားတဲ့အတွက် စာစစ်ဌာနကို သွားဖို့ အခက်အခဲအပြင် ကူးစက်မှုတိုးမှာ စိုးရိမ်တဲ့ အတိုက်အခံတွေနဲ့ ကျောင်းသားတချို့ရဲ့ ဖိအားတွေ ကြီးလာပေမယ့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ကမ္ဘာ့တတိယမြောက်အများဆုံးနိုင်ငံ အိန္ဒိယမှာ အင်္ဂါနေ့ တရက်တည်းမှာ  ကူးစက်ခံ အတည်ပြု လူနာအသစ် ၆၉၉၂၁ ယောက်ရှိပြီး ၆ ရက် အတွင်း အသစ်ကူးစက်မှု အနည်းဆုံးလည်းဖြစ်ပါတယ်။  လက်ရှိ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ စုစုပေါင်း ၃ ဒသမ ၆၉ သန်းရှိပြီး  သေဆုံးသူဦးရေဟာလည်း  ၆၅၂၈၈  ယောက်ရှိလာပါတယ်။
7 months Ago
Up