၃ ဂိုးပြတ်နိုင်

March 6, 2020

မန်ယူနိုက်တက်က ဒါဘီကောင်တီကို ၃ ဂိုးပြတ်နိုင်ပြီး အက်ဖ်အေဖလား ကွာတားတက် (ရုပ်သံ)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဒါဘီကောင်တီကို ၃ ဂိုးပြတ် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒီပွဲမှာ အဓိက ကစားသမားအချို့ကို ပွဲထုတ်ခဲ့ပါတယ်။  ဒါဘီအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒါဘီအသင်းမှာ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရွန်နီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့ပြီး အထူးခြေစွမ်းကစားခဲ့တာ တွေ့ရပါတယ်။ မန်ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူးသစ် အီဂါလိုက ၂ ဂိုးနဲ့ လုရှောက ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ရွန်နီက မန်ယူနိုက်တက်ဘက်ကို ဖရီးကစ် နှစ်ကြိမ်ကန်သွင်းခွင့်ရခဲ့ပြီး ဂိုးသမား ရိုမီရို အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ အခုလို ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်အောက်ဆုံးက နော့ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ပရီးမီးယားလိဂ်အသင်းတွေ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး လက်စတာနဲ့ ချဲလ်ဆီး၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ အာဆင်နယ်၊ နယူးကာဆယ်နဲ့ မန်စီးတီးအသင်းတွေ အသီးသီးယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ မတ်လ ၂၁ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာပါ။
1 year Ago
Up