၃ ကြိမ်ဆက် ပေါက်ကွဲ

June 20, 2020

ပါကစ္စတန်တွင် ၃ ကြိမ်ဆက် ပေါက်ကွဲမှုဖြစ်၊ စစ်သား ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ခရိုင်မှာ ဇွန်လ ၁၉ ရက်က ၃ ကြိမ်ဆက်တိုက် ပေါက်ကွဲမှု အတွင်း စစ်သား ၂ ယောက်အပါအဝင် လူလေးယောက် သေဆုံးခဲ့ပြီး လူ ၁ ဒါဇင်ထက်မနည်း ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။  ဒီဖောက်ခွဲမှုကို ပါကစ္စတန်ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ လူသိနည်း ခွဲထွက်ရေးအုပ်စု ဆင်ဒူဒက်ရှ်တော်လှန်ရေးတပ်က သူတို့ လုပ်တာလို့ အခိုင်အမာ ပြောထား ပါတယ်။  ပေါက်ကွဲမှုတရပ်က ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့နဲ့ ဆင်းဒ်ခရိုင်ရဲ့ မြို့တော် ကရာချိမှာ ဖြစ်ပြီး အရပ်သား တယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရပါတယ်။ ပစ်မှတ်ဟာ ဆင်းဒ်ခရိုင် အရံတပ်ရင်း ရိန်းဂျားကွန်မန်ဒိုအဖွဲ့ရဲ့ကားလို့ ရဲတွေက ယုံကြည်ပါတယ်။ ဒုတိယပေါက်ကွဲမှုဟာ ကရာချိမြောက်ဘက် ကီလိုငါးရာအကွာ ဂိုတ်ခီခရိုင်မှာဖြစ်ပြီး ကွန်မန်ဒို စစ်သည် ၂ ယောက်နဲ့ လမ်းသွားလမ်းလာ တယောက် သေဆုံးတယ်လို့ ခရိုင်ရဲချုပ်က ပြောပါတယ်။ တတိယပေါက်ကွဲမှုက ဆင်းဒ်ခရိုင် လာခါနာမြို့ထဲမှာဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ စာရင်းကို မသိရသေးပါဘူး။  ပါကစ္စတန်ရိန်းဂျားတပ်ဟာ စစ်တပ်ရဲ့လက်ရုံးတပ်ဖွဲ့ဖြစ်ပြီး နိုင်ငံတလွှားမှာ တပ်ချ ထားတဲ့ အပြင် စစ်သွေးကြွတွေနဲ့ ရာဇဝတ်သားတွေကို နှိမ်နင်းရာမှာ ထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါပါတယ်။ သောကြာနေ့ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ ဆင်းဒ်ခရိုင်ဝန်ကြီးချုပ်က အမိန့်ထုတ် ထားပါတယ်။ 
1 year Ago
Up