နှစ်ပေါင်း ၂၀ အတွင်း အားအပြင်းဆုံးမုန်တိုင်း တိုက်ဖွန်း မိုလေ့ အောက်တိုဘာ ၂၉ ရက်က ဗီယက်နမ်ကို ဝင်ရောက်ခဲ့တာကြောင့် ၃၅ ယောက် ထက်မနည်း သေဆုံးပြီး အယောက် ၅၀ ကျော် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
မုန်တိုင်းကြောင့် မြေပြိုတာတွေ၊ လှေနစ်တာတွေရှိခဲ့ပြီး လူပေါင်း ၁ ဒသမ ၇ သန်း ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။
နိုင်ငံအလယ်ပိုင်းဒေသက ရွာ ၃ ရွာမှာ အရေးပေါ် ကယ်ဆယ်ရေး အဓိကထား လုပ်နေပါတယ်။
အဲဒီဒေသမှာ မြေပြိုတာကြောင့် ၁၉ ယောက်မနည်း သေဆုံးပြီး အယောက် ၄၀ ကျော် မြေပြိုတဲ့အထဲ ပါသွားတယ်လို့ သံသယရှိနေပါတယ်။
ဗီယက်နမ် ဒုဝန်ကြီးချုပ် ထရင်ဒင်ဒေါင်ကလည်း မြေပြိုရာဒေသတွေကို သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
မြေပြိုရာနေရာတွေမှာ တပ်ဖွဲ့ဝင်တွေက ယန္တရားကြီးတွေသုံးပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။
တချို့ဒေသတွေမှာ အပျက်အစီးနဲ့ အသေအပျောက်စာရင်းကို မထုတ်ပြန်နိုင်သေးတာမို့ စုစုပေါင်း သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။
3 months Ago