၃၀ ရာခိုင်နှုန်းကျော် တို

March 30, 2020

ကိုရိုနာကြောင့် ပြင်သစ်တွင် အိမ်တွင်းအကြမ်းဖက်မှု တိုးလာ

ပြင်သစ်နိုင်ငံထဲမှာ မတ်လ ၁၇ ရက်က စပြီး ပြည်သူတွေ အိမ်တွင်းအောင်းကြဖို့ အသွားအလာ တားမြစ်ပိတ်ပင်ခဲ့ပြီးတည်းက အိမ်တွင်းအကြမ်းဖက်မှု ၃၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောလိုက်ပါတယ်။  ပါရီမြို့တော် တမြို့တည်းမှာတင် အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားစာ ၃၆ ရာခိုင်နှုန်း  တိုးလာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ခရစ္စတို့ဖ် ကတ်စ်တာနာက မတ်လ ၂၄ ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့တာပါ။  နိုင်လိုမင်းထက် လုပ်တတ်တဲ့ လက်တွဲဖော်နဲ့ အိမ်မှာ အတူအကျဉ်းကျသလို နေရတာဟာ ဓားစာခံတွေအတွက် ဘေးအန္တရာယ် ပိုများစေတာပါ။  ပြင်သစ်ဟာ ဥရောပမှာ အိမ်တွင်း အကြမ်းဖက်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။  နှစ်စဉ်အသက် ၁၈ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသမီး ခန့်မှန်းခြေ ၂၁၉၀၀၀ ဟာ လက်ရှိရည်းစား ဒါမှမဟုတ် ရည်းစားဟောင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရင်ဆိုင်နေရပြီး ဓားစာခံ ၂၀ ရာခိုင်နှုန်းကသာ တိုင်ကြားခဲ့ကြတယ်လို့ ယူရိုနယူးစ် သတင်းဌာနက အစီရင်ခံပါတယ်။  ၃ ရက်တိုင်းမှာ အမျိုးသမီး တယောက်ဟာ လက်တွဲဖော်ဟောင်း ဒါမှမဟုတ် လက်ရှိ လက်တွဲဖော်ရဲ့ သတ်ဖြတ်မှု ခံရတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အသွားအလာ ပိတ်ပင်ထားချိန်မှာ ညှဉ်းပန်းနှိပ်စက် ခံရသူတွေ အကူအညီတောင်းဖို့ စီမံချက်အသစ်တွေကို အစိုးရက မိတ်ဆက်မယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။  “အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတယောက်ဟာ ခင်ပွန်းသည် မပါဘဲ ဆေးဆိုင်ကို သွားချိန်မှာ အကူအညီတောင်းဖို့ ဖုန်းခေါ်နိုင်ရမယ်၊ တကယ်လို့ အကြမ်းဖက်တတ်တဲ့ ခင်ပွန်းသည် ပါနေခဲ့ရင်လည်း အကြောင်းကြားနိုင်ဖို့ ကုဒ်စနစ်ကို ဖန်တီးမယ်”လို့ ဝန်ကြီးက ပြောပါတယ်။  ကူးစက်ကပ်ဘေးအတွက် အိမ်တွင်းအောင်း ကာလကို ထပ်ပြီး သက်တမ်းတိုးမယ်ဆိုရင် အိမ်တွင်း အကြမ်းဖက်မှုကို ထိပ်တန်းဦးစားပေးအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ရဲတွေကို တပ်လှန့်ထား မယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။
2 years Ago
Up