၃ဦးကျဆုံး၁၀ဦးဒဏ်ရာရ

March 26, 2021

မြိတ်တွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၃ ဦးကျဆုံး၊ ၁၀ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့ ဆန္ဒပြသူတွေကို အကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၃ ယောက် ကျဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

မြိတ်မြို့ ရွှေပြည်သာရပ်ကွက်မှာ ဒီနေ့မွန်းတည့် ၁၂ ခွဲလောက်က တက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဆန္ဒပြည်သူ ၂၀၀ လောက်ရဲ့ သပိတ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတယ်လို့ မြိတ်မြို့ခံတဦးက ပြောပါတယ်။

“မြိတ်မြို့ ရွှေပြည်သာရပ်ကွက် သပိတ်ဖြိုခွင်းခံရတဲ့နေရာမှာ ရော်ဘာကျည်ရော ကျည်အစစ်တွေပါသုံးတာ။ အနည်းဆုံး ၃ ယောက်ဆုံးသွားတယ်။ ဦးခေါင်းမှာ ၁ ယောက် ထိတယ်၊ ဝမ်းဗိုက်မှာ ၁ ယောက်ထိတယ်။ နောက်တယောက်က အိမ်ထဲမှာနေတဲ့ အသက် ၃၂ နှစ်အရွယ်အမျိုးသမီး ၁ ယောက်လည်း သေနတ်ထိမှန် သေဆုံးသွားတယ်။”

အကြမ်းဖက် စစ်တပ်နဲ့ရပ်တပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် ဆိုင်ကယ်နဲ့ သပိတ်မှောက်တဲ့လူတွေကိုလည်း သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

“၂ နာရီလောက်မှာပေါ့ ဆိုင်ကယ်နဲ့ သပိတ်မှောက်တဲ့အုပ်စုက လုံခြုံရေးတပ်ကို ဒီဘက်ခြမ်းပြန်မျှားခေါ်လာတယ်။ အဲဒီမှာ လုံခြုံရေးတပ်ဖွဲ့က ဆိုင်ကယ်တွေနဲ့ လိုက်ပစ်တာ၊ လမ်းကြိုလမ်းကြားတွေ ရက်ကွက်ထဲထိ လိုက်ပစ်တယ်။ တဖက်က ဆိုင်ကယ်တွေနဲ့ ပြေးတာ။ အဲ မှာ ၆ ယောက်ဒဏ်ရာရတယ်၊ စုစုပေါင်းဆို ၁၀ ယောက် ဒဏ်ရာရတယ်။”

ဒီနေ့ မြိတ်မြို့ ဆန္ဒပြပွဲကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော်လောက်နဲ့ ဖြိုခွင်းခဲ့တာလို့ သိရပါတယ်။

ဒီနေ့ ကျဆုံးသွားသူ ၃ ယောက်ထဲက ၁ ယောက်ကိုတော့ စစ်တပ်နဲ့ ရဲက သယ်ဆောင်သွားတယ်လို့ မြိတ်မြို့ဒေသခံက ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲက လိုက်လံပစ်ခတ်ခဲ့တာကြောင့် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသား ၁ ဦးက ပြောပါတယ်။

“ထားဝယ် ကြက်စားပြင်မှာ တယောက် သေနတ်ကျည်ဆန်ထိသွားတယ်။ ခြေသလုံးမှာ အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံကြီး သယ်သွားတယ်။ ဆန္ဒပြတာမဟုတ်ဘူး၊ ဒီအတိုင်း စစ်တပ်နဲ့ရဲက ဝင်ပစ်တာ” လို့ ပြောပါတယ်။

ထားဝယ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို နေ့စဉ်လိုလို ပြုလုပ်နေကြပြီး ဒီနေ့ညနေပိုင်းမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

2 months Ago
Up