၂ နှစ် အကျဉ်းချခံရ

December 15, 2019

ဆူဒန်သမ္မတဟောင်း အိုမာဘာရှာ ပြုပြင်ရေးစခန်းတွင် ၂ နှစ် အကျဉ်းချခံရ

ဆူဒန်သမ္မတဟောင်း အိုမာဘာရှာကို အကျင့်ပျက်မှုနဲ့ စွဲချက်တင်ပြီး ပြုပြင်ရေးစခန်းမှာ ၂ နှစ် အကျဉ်းချဖို့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တရားရုံးက   ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ၇၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဘာရှာကို အသက်အရွယ်ကြောင့် ထောင်ဒဏ် မချမှတ်ဘဲ ပြုပြင်ရေးစခန်းကို ပို့ဆောင်တာဖြစ်တယ်လို့ ဆူဒန်တရားသူကြီးက ပြောပါတယ်။ ဒါ့အပြင် ဘာရှာကို ဖြုတ်ချတုန်းက နေအိမ်မှာ တွေ့ရှိတဲ့ သန်းချီတဲ့ ယူရိုနဲ့ ဆူဒန်ပေါင်ငွေတွေကို သိမ်းဆည်းဖို့လည်း တရားသူကြီးက အမိန့်ပေးလိုက်ပါတယ်။    ဆူဒန်နိုင်ငံအား နှစ်ပေါင်း ၃၀ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဘာရှာကို ပြည်သူတွေက လနဲ့ချီ  ဆန္ဒပြပြီးနောက် ဧပြီလမှာ ဘာရှာ သမ္မတရာထူးကနေ ပြုတ်ကျခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်မှာတော့ ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ သမ္မတဟောင်း ဘာရှာက   တရားသူကြီးရဲ့ စီရင်ချက်ကို တရားခံနေရာကနေ ငြိမ်သက်ပြီး နားထောင်ခဲ့ပါတယ်။    ဆူဒန်သမ္မတဟောင်း ဘာရှာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(အိုင်စီစီ)ကလည်း အလိုရှိနေပြီး သူ့ကို စစ်ရာဇဝတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့  ဆူဒန်နိုင်ငံ ဒါဖာဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ၂၀၀၉ နဲ့ ၂၀၁၀ ပြည့်နှစ်တွေမှာ ဖမ်းဝရမ်းထုတ်ထားပါတယ်။
2 years Ago
Up