၂ ငါးလုံး အထွေထွေသပိတ်

A d v e r t i s e m e n t With Us

February 23, 2021

နေပြည်တော်တွင် ဆန္ဒပြပြည်သူလူထု ရာချီဖမ်းဆီးခံနေရ

နွေဦးတော်လှန်ရေး ၂ ငါးလုံးထွေထွေသပိတ်နေ့မှာ နေပြည်တော်ရှိ ၀န်ထမ်းအိမ်ရာတွေအနီးမှာ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က ရှေ့နောက်ပိတ်ဆို့ပြီး ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ ရာနဲ့ချီဖမ်းဆီးခံထားရပါတယ်။

ဆန္ဒပြသူတွေဟာ မနေ့က ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ၀န်ထမ်းအိမ်ရာတွေဘက်ကနေ လှည့်လည်ပြီး ဆန္ဒပြနေစဉ် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းအနီးလမ်းဆုံမှာ ရဲတွေက ရှေ့နောက်ပိတ်ဆို့ပြီး ဖမ်းဆီးတာလို့ ဆိုပါတယ်။

အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက  “ အဲဒီနား လမ်းဆုံမှာ ရှေ့မှာ ရဲကားတွေ အချုပ်ကားတွေနဲ့ ပိတ်ထားပြီး နောက်ကလည်း ဘယ်ကနေရောက် လာမှန်းမသိဘူး ပိတ်ဖမ်းတာ။ ကျနော်တို့ဆို လမ်းဘေးချောက်ထဲ ဆိုင်ကယ်မောင်းပြေးတာ ဆက်မောင်းမရတော့ ဆိုင်ကယ်ထားပြီး လူအလွတ်ပြေးရတာ။ အနီးနားမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိတယ်။ အဲက လူတွေက ပြေးလာတဲ့သူတွေကို မိုးကာကြီးနဲ့ အုပ်ပေးထားလို့ လွှတ်တာ။ ကျနော့် အစ်မ၀မ်းကွဲနှစ် ယောက်ကတော့ အဖမ်းခံရတဲ့ထဲ ပါသွားတယ် ” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အင်အားထောင်ချီပြီး ဆိုင်ကယ်တွေနဲ့ အများစုဖြစ်သလို ကားအစီးရေ ၂၀ လောက်လည်းပါဝင်တယ်လို့ သိရပါတယ်။

စုစုပေါင်း လူဦးရေဘယ်လောက် ဖမ်းဆီးခံရတယ်၊ ဆိုင်ကယ်၊ ကားဘယ်လောက် သိမ်းဆည်းခံရတယ် သေချာမသိရပေမယ့် ရာချီရှိနိုင်တယ်လို့  ခန့်မှန်းကြပါတယ်။

“ အဖမ်းခံရတဲ့သူက ၂၀၀၊  ၃၀၀ ပတ်ချာလည်လောက်ရှိလိမ့်မယ်ထင်တယ်။ မိန်းကလေးတွေ များလိမ့်မယ်။ ဆိုင်ကယ်တွေက တော်တော်များတယ်။ လူထက် ဆိုင်ကယ်က ပိုများတယ်အသိမ်းခံရတာ။ နောက်တစ်ခုရှိတာ ကားတွေလည်းပါတော့ ကားပေါ်ကလူတွေကတော့ ကားထားပြီး လူအလွတ်ပြေးလားတော့ မသိဘူး။ နှစ်ဘက်ပိတ်ဖမ်းတာဆိုတော့ ကားတွေကတော့ လုံး၀လွတ်နိုင်ဖို့ မလွယ်ဘူး ” လို့ ပြောပါတယ်။

လူအုပ်ထဲကို ပစ်တာလား မိုးပေါ်ထောင်ပစ်တာလား သေချာမသိပေမယ့် သေနတ်ပစ်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

“လူအုပ်ထဲကို ပစ်တာလား၊ မိုးပေါ်ထောင်ပစ်တာလားတော့ ပြေးလွှားနေရတော့ သေချာမသိဘူး။ သေနတ်သံ သုံးချက်ကြားလိုက်တယ်”လို့ အဆိုပါ လွတ်မြောက်လာသူက ပြောပါတယ်။ အလားတူ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကလည်း လူလွတ်အောင်ပြေးနိုင်ပေမယ့် ဆိုင်ကယ်ပါသွားတယ်လို့ ဆိုပါတယ်။

“ကျနော်က ဆိုင်ကယ်ဆီ၀င်ထည့်နေတုန်း ရှေ့က လူအုပ်က နောက်ပြန်လှည့်ဆိုလို့ ပြန်လှည့်တုန်း လူအလွတ်ပြေးလို့၊ အဲဆီဆိုင်ထဲမှာပဲ ကျနော့်လို ဆန္ဒပြတဲ့သူတွေလည်း ဆီ၀င်ထည့်နေတာ ရှိတယ်။ သူတို့တွေဆို အဖမ်းခံလိုက်ရတယ်။ တစ်ရပ်ကွက်ထဲ အသိကလေးမလေး တစ်ယောက်လည်း အဖမ်းခံရတဲ့အထဲ ပါသွားတယ် ” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေနဲ့ မိသားစု၀င်တွေ အဆက်အသွယ်မရသလို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ထွက်ပြေးပြီး မျက်စိလည် လမ်းမှားပြီး တောထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

မနေ့မနက်ပိုင်းက ပျဉ်းမနားမြို့ နှင်းဆီပန်းအဝိုင်းအနီးမှာ လူအင်အားသိန်းချီဆန္ဒပြနေစဉ် စစ်သားတွေနဲ့ ရဲတပ်၀င်တွေဟာ လူစုခွဲဖို့ အော်ပြီး တပြိုင်တည်း လူအုပ်ကြီးဘက်ကို အင်အားအလုံးအရင်းနဲ့ ၀င်လာတာကြောင့် ဆန္ဒပြသူတွေရော သတင်းထောက်တွေပါ လူစုခွဲပြီး ထွက်ပြေးခဲ့ရပါတယ်။

ဆန္ဒပြသူ အများ စုလွတ်မြောက်သွားပေမယ့် အနီးအနား လမ်းမပေါ်တွေနဲ့ လမ်းကြိုလမ်းကြားထဲထိ ရဲနဲ့ စစ်တပ်က လိုက်လံဖမ်းတာတွေလည်း ရှိခဲ့ပါတယ်။

2 weeks Ago

February 22, 2021

၂ ငါးလုံး အထွေထွေသပိတ်တွင် ကုန်တိုက်၊ စူပါမတ်ကတ်နှင့် ဈေးဆိုင်များပိတ်ပြီး ပူးပေါင်းပါဝင်

ပြည်သူလူထုသဘောထားနဲ့ ဆန့်ကျင်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို  နိုင်ငံတဝန်းက ပြည်သူတွေက သပိတ်မှောက်တဲ့အနေနဲ့   ၂ ငါးလုံး အထွေထွေသပိတ်ကြီး ပြုလုပ်နေရာမှာ ရန်ကုန်မြို့မှာတော့   ကုန်တိုက်တွေ၊ စူပါမတ်ကတ်တွေ၊  ဈေးတွေ ၊ ဈေးဆိုင်တွေလည်း ပိတ်ပြီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ Ocean၊ City Mart၊ Market Place၊ ဂမုန်းပွင့်၊ စိန်ဂေဟာ စတဲ့ စူပါမတ်ကတ်တွေက ဖေဖော်ဝါရီ ၂၂ ရက်ကို တရားဝင်ပိတ်ရက်အဖြစ် ကြေညာထားသလို ၂၄ နာရီဖွင့်တဲ့ဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ တချို့မြို့နယ်တွေမှာ တခြားရပ်ကွက်ထဲက ဆိုင်တွေအတော်များများပါ ပိတ်ထားကြပါတယ်။  

စစ်အာဏာရှင် စနစ်ဖြုတ်ချရေးကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ ဈေးဆိုင်တွေဟာ ကိုယ့်သဘောနဲ့ ကိုယ်ပိတ်ထားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ဆန္ဒဖော်ထုတ်သူတွေအတွက် စားသောက်စရာတွေကိုတော့ ပြည်သူတွေက လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် ရွေ့လျားဈေးသည်တချို့ကတော့  ရဲနဲ့ စစ်သားကို ဈေးမရောင်းပါ ဆိုတဲ့ ကမ်ပိန်းပြုလုပ်ပြီး ဆန္ဒဖော်ထုတ်နေတာတွေလည်း ရှိပါတယ်။

ပြည့်ဘုန်းအောင်

2 weeks Ago

မြိတ်ဆန္ဒပြပွဲတွင် အရပ်ဝတ် သေနတ်ကိုင်များ ပါလာသဖြင့် စိုးရိမ်ရဟု ဦးဆောင်သူများပြော

မြိတ်မြို့မှာ ပြုလုပ်တဲ့ အထွေထွေသပိတ်စစ်ကြောင်းထဲကို အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်ထားသူတွေက လိုက်ပါမှုတွေရှိနေတဲ့အတွက် အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြိတ်မြို့မှာပြုလုပ်တဲ့ ၂ ငါးလုံး အထွေထွေ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ပွဲပြီးတဲ့နောက် သပိတ်စစ်ကြောင်းဦးဆောင်သူတွေနောက်ကို အဆိုပါ သေနတ်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်တွေက လိုက်ပါခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေကို သပိတ်စစ်ကြောင်း ဦးဆောင်သူတွေက သိရှိပြီး ရပ်ကွက်နေပြည်သူတွေနဲ့ ဝိုင်းဝန်း တားဆီးရှာဖွေရာမှာတော့ အခုလို လက်နက်တွေနဲ့တကွ ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

သပိတ်စစ်ကြောင်း ဦးဆောင်သူတွေ ရှိတဲ့နေရာကို လက်ရှိစစ်ကောင်စီက ခန့်အပ်ထားတဲ့ ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ယခင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းဖြစ်သူက သတင်းပေးတဲ့အတွက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးက လာရောက်ခဲ့ပြီးတဲ့နောက် အခုလို လက်နက်တွေနဲ့တကွ ပြည်သူတွေက ရှာဖွေသိမ်းဆည်းရမိခဲ့တာလို့ သပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦးဖြစ်တဲ့ အရင် မြိတ်မြို့နယ် စည်ပင်ကော်မတီဝင် ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်ကိုကိုက ပြောပါတယ်။

အခုလို လူထုကြားထဲကို အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်သူတွေ မရှိသင့်ဘဲ သက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားတဲ့သူသာ လက်နက်ကိုင်ဆောင်သင့်ပြီး ဒါဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုဖြစ်ပွားခဲ့ပြီးတဲ့နောက် အဆိုပါလူ ၂ ဦးကို ရပ်ကွက်ပြည်သူတွေက ဝိုင်းဝန်းရှာဖွေရာ ပစ္စတို သေနတ် ၂ လက်၊ ကျည်ကတ် ၄ ခုနဲ့ ကျည်ဆန်အပိုတွေအပြင် ဖမ်းဆီးမယ့်သူတွေရဲ့ စာရင်းအချက်လက်တွေကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။အဲဒီလို ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ အဆိုပါ လူနှစ်ဦးရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားခဲ့ကြပါတယ်။

2 weeks Ago

မုံရွာ ၂ ငါးလုံးသပိတ်တွင် လူထုသန်းချီပါဝင်၊ CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်သူများကို ရှုတ်ချ

CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်တဲ့ စစ်ကိုင်းတိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ပြည်သူ့သစ္စာဖောက်တွေအဖြစ် မုံရွာလုထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီနေ့ သတ်မှတ်ကြေညာလိုက်ပါတယ်။

ဌာနအသီးသီးက CDM  ပိတ်ပင်တဲ့ အရာရှိ ၁၁ ဦးကို အမည်၊ ရာထူး၊ ဌာနတွေနဲ့တကွ ဗီနိုင်းပိုစတာတွေ တွေထုတ်ပြီး လူထုကို ချပြခဲ့တာပါ။ 

ဒါ့အပြင် အဆိုပါအရာရှိတွေကို လူမှုရေး၊ စီးပွားရေး၊ သာရေး၊ နာရေး အားလုံးမှာ အဆက်အဆံမလုပ်ကြဘဲ လူ့အသိုင်းအဝိုင်းကနေ ဝိုင်းကြဉ်ကြဖို့ သပိတ်ကော်မတီက တောင်းဆိုခဲ့ပါတယ်။ 

အလားတူကျန်ရှိနေသူတွေကို ထပ်မံဖော်ထုတ်သွားမှာဖြစ်ကာ အများမြင်သာအောင် လူစည်ကားရာ နေရာတွေမှာ Vinyl တွေ ချိတ်ဆွဲပေးသွားမယ်လို့ ဆိုပါတယ်။  ဒီကနေ့ မုံရွာမြို့ မှာ ပြုလုပ်တဲ့  ၂ ငါးလုံးလူထုလှုပ်ရှားမှုကို လူအင်အားသန်းနဲ့ချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

2 weeks Ago

၂ ငါးလုံး အထွေထွေသပိတ်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံဆရာများနှင့် ဝန်ထမ်းများပါဝင်

ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့  ၂ ငါးလုံး အထွေထွေသပိတ်တိုက်ပွဲမှာ  တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံက CDM မှာပါဝင်နေတဲ့ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေ စုပေါင်းပြီး အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေဟာ  ပြည်သူ့ရင်ပြင်ရှေ့ကနေ ရုရှားသံရုံး ရှေ့ကို ကြွေးကြော်သံမပါဝင်ပဲငြိမ်းချမ်းစွာနဲ့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားသံရုံးရှေ့ အဝင်လမ်းကို ရဲတပ်ဖွဲ့ကနေ အတားအဆီးတွေနဲ့ တားဆီးပိတ်ဆို့ ကာရံထားတဲ့အတွက် ဆရာဆရာမတွေဟာ အဲဒီအကာအရံတွေရှေ့မှာပဲ တိတ်ဆိတ်စွာနဲ့ နာရီ ဝက်ကြာ ထိုင်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီကနေ တစ်ဆင့် မြေနီကုန်း လမ်းဆုံကို ပြန်လည် ချီတက်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုမှာတော့ တက္ကသိုလ် ကောလိပ်ပေါင်းစုံက ဆရာ/ဆရာမနဲ့ ဝန်ထမ်းအင်အား ၄၀၀ ကျော် ပါဝင် ခဲ့ပါတယ်။

2 weeks Ago

၂ ငါးလုံး အထွေထွေသပိတ်တွင် နိုင်ငံအနှံ့ ပြည်သူ့ဝန်ထမ်းသိန်းချီ ပါဝင်ဆန္ဒပြ

မြန်မာနိုင်ငံတဝန်းက ဒီကနေ့ ပြုလုပ်နေတဲ့   ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီး မှာ သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေလည်း ပြည်သူလူထုတွေနဲ့အတူပူးပေါင်းပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါဝင် မြို့တွေ၊ နယ်တွေအသီးသီးမှာပြုလုပ်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့အတူ ပညာရေးဝန်ထမ်းဆရာဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်နဲ့ သူနာပြုတွေ၊ အင်ဂျင်နီယာတွေ၊  မီးရထားနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ထမ်းတွေ၊ လျှပ်စစ်နဲ့ စည်ပင်ဝန်ထမ်းတွေ  ပါဝင်ဆန္ဒပြနေတာဖြစ်ပါတယ်။ 

ဒီကနေ့ဟာ အစိုးရရုံးဖွင့်ရက်ဖြစ်ပေမဲ့ ဝန်ထမ်းတွေရုံးမတက်တာကြောင့် ရုံးတွေ၊ ဘဏ်တွေ  အတော်များများပိတ်ထားပြီး ဝန်ထမ်းတွေက   စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်မှာ ပူးပေါင်းပါဝင် ဆန္ဒပြနေကြပါတယ်။ 

အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကိုတော့ စစ်အာဏာစသိမ်းပြီးမကြာခင်မှာပဲ  ဆေးလောကသားတွေက စတင်ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၈၅ မြို့နယ်မှာ  အစိုးရဝန်ထမ်းပေါင်း သောင်းချီပါဝင်နေတယ်လို့ https://cdm2021.com/ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းမှာ CDM လုပ်နေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေတင် သောင်းနဲ့ချီရှိပြီး တနိုင်ငံလုံးက ဝန်ထမ်းတွေဆီကနေ အချက်အလက်အပြည့်အစုံမရနိုင်တာကြောင့် အမှန်တကယ် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းအရေအတွက်ဟာ အဆိုပါဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာထက် အများကြီးပိုများနိုင်ချေရှိပါတယ်။ 

CDM ဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင်လည်း We Support Heroes၊ 21 Savage MM စတဲ့ အဖွဲ့ တွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်အစိုးရက တော့ CDM လှုပ်ရှားမှုကြောင့် အစိုးရလုပ်ငန်းတွေထိခိုက်မှု မရှိဘူးလို့  နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

Photo-Peter Aung

2 weeks Ago

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေသပိတ် ​ညောင်​လေးပင်​မြို့တွင် သိန်းချီပါဝင်

ပဲခူးတိုင်း​ဒေသ​ကြီး၊​ ညောင်​လေးပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေ သပိတ်ကို ဒီနေ့ မနက်က မြို့နယ်လုံးကျွတ် ပြည်သူသိန်းနဲ့ချီ ပါဝင် ဆန္ဒပြနေကြပါတယ်။

​မြို့​ပေါ်ရှိဈေး​တွေ၊ အလုပ်​တွေ အားလုံးပိတ်​ပြီး လမ်း​ပေါ်ထွက်လာခဲ့​ကြသလို၊ ကျေးရွာနေ ​ပြည်သူတွေ၊ ကရင်တိုင်းရင်းသား​တွေကလည်း ယာဥ်မျိုးစုံနဲ့ ​မြို့​ပေါ်တက်လာကာ ၂ ငါးလုံ းအထွေထွေသပိတ်မှာ ပါဝင်ခဲ့​ကြ​ပြီ ဒီနေ့ဟာညောင်​လေးပင်မြို့ အတွက် စစ်အာဏာဆန့်ကျင်ရေး သမိုင်းဝင်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒပြ ပြည်သူတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊  လျှပ်စစ်၊ စည်ပင်၊  သစ်တော၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန​အပါအဝင် CDM လုပ်ထားကြတဲ့ ဌာနတချို့က ဝန်ထမ်းတွေပါ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ပြန်လွှတ်ပေး၊  စစ်ကောင်စီ အလိုမရှိ၊ ရုံးမတက်နဲ့ရုန်းထွက် စတာတွေကြွေကြော်တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြလူထုဟာ မြို့အတွင်းလှည့်လည်ခဲ့ကြပြီ မြို့မစျေးထိပ်မှာ ပြန်လည်စုရုံးခဲ့ကြကာ သံဃာတော်တွေ၊ ဆန္ဒပြရာမှာပါဝင်သူတချို့ ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြပြီး အေးချမ်းစွာ လမ်းခွဲခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

2 weeks Ago

၂ ငါးလုံး အထွေထွေသပိတ်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံဆရာများနှင့် ဝန်ထမ်းများပါဝင်

ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့  ၂ ငါးလုံး အထွေထွေသပိတ်တိုက်ပွဲမှာ  တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံက CDM မှာပါဝင်နေတဲ့ ဆရာ/ဆရာမတွေ နဲ့ ဝန်ထမ်းတွေ စုပေါင်းပြီး အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေဟာ ပြည်သူ့ရင်ပြင်ရှေ့ကနေ ရုရှားသံရုံးရှေ့ကို ကြွေးကြော်သံမပါဝင်ဘဲ ငြိမ်းချမ်းစွာနဲ့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားသံရုံးရှေ့ အဝင်လမ်းကို ရဲတပ်ဖွဲ့ကနေ အတားအဆီးတွေနဲ့ တားဆီးပိတ်ဆို့ ကာရံထားတဲ့အတွက် ဆရာဆရာမတွေဟာ အဲဒီအကာအရံတွေရှေ့မှာပဲ တိတ်ဆိတ်စွာနဲ့ နာရီဝက်ကြာ ထိုင်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီကနေတဆင့် မြေနီကုန်းလမ်းဆုံကို ပြန်လည် ချီတက်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုမှာတော့ တက္ကသိုလ် ကောလိပ်ပေါင်းစုံက ဆရာ/ဆရာမနဲ့ ဝန်ထမ်းအင်အား ၄၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

2 weeks Ago

နေပြည်တော် ၂ ငါးလုံးသပိတ်တွင် လူအင်အားသိန်းချီဆန္ဒပြ၊ ရဲနှင့်စစ်တပ် ရောက်လာသဖြင့် လူစုခွဲ

နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး  ၂ ငါးလုံး အထွေထွေသပိတ်ကြီးမှာ  ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် ပြည်သူလူထုအင်အား သိန်းချီပါဝင်ခဲ့ကြပါတယ်။

နေပြည်တော်ရှိ ဆန္ဒပြသူတွေဟာ ပျဉ်းမနားမြို့ နှင်းဆီပန်းအဝိုင်းမှာ လာရောက်စုဝေးကြပြီး တချို့သပိတ်စစ်ကြောင်းတွေ မြို့တွင်းလမ်းတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် လူစုခွဲပြီး ပြေးလွှားခဲ့ရပါတယ်။

2 weeks Ago

ပြင်ဦးလွင်မြို့ ၂ ငါးလုံး အထွေထွေသပိတ်တွင် လူအင်အားသိန်းချီပါဝင်ဆန္ဒပြ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး  ၂ ငါးလုံး  အထွေထွေ သပိတ်မှာ ဌာနဆိုင်ရာတွေနဲ့ ပြည်သူလူထု လူတန်းစားပေါင်းစုံ သိန်းချီပါဝင်ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေဟာ အထက ၁ မှာ စုဝေးကြပြီး ခရိုင်ရုံးပေါင်းစုံလမ်း၊ မြို့ပတ်လမ်း၊ ချယ်ရီလမ်း၊ ပဒေသာမြို့သစ်ကားကြီးကွင်းတို့ကို လှည့်လည်ဆန္ဒပြနေပါတယ်။ မြို့တွင်းမှာ သပိတ်စစ်ကြောင်း ၂ ခုနဲ့ လှည့်လည်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ - မေမြို့သား

2 weeks Ago

ချောက်ရေနံမြေ ၂ ငါးလုံး အထွေထွေသပိတ် မြို့နယ်လုံးကျွတ်ဆန္ဒပြ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဖေဖော်ဝါရီ ၂၂ ရက် ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ကို ချောက်မြို့မှာ ဒီနေ့မနက်စတင်ခဲ့ပြီး ပြည်သူအင်အား ၂ သိန်းကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

  ချောက်ရေနံမြေမှာ အထွေထွေသပိတ် ၁၆ ရက်နေ့မြောက်အဖြစ် စစ်အာဏာရှင်ကို တွန်းလှန်ဆန္ဒပြနေတာဖြစ်ပြီး ဌာနဆိုင်ရာတွေ၊ ကျောင်းသား‌ကျာင်းသူတွေ၊ အသင်အဖွဲ့တွေနဲ့ ကျေးရွာလူထုအပြင် မော်တော်ယဉ်လိုင်းလုပ်ငန်းသုံးယာဉ် ‌၁၀၀ ကျော်အပါအဝင် လူငယ်အများဆုံး ပါဝင်တာကို တွေ့ရပါတယ်။

ချောက်မြို့ပေါ်က ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ စားသောက်ဆိုင်မကျန် မြို့မဈေး ဖွင့်ရက်ဖြစ်ပေမယ့် ပျံကျဈေးတန်းပါမကျန် အားလုံးပိတ်ပြီး ဆန္ဒပြမှုကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

2 weeks Ago

လွိုင်​ကော်မြို့ ၂ ငါးလုံး အထွေထွေသပိတ် ပြည်သူ သိန်းချီဆင်နွှဲ

ကယားပြည်နယ် လွိုင်​ကော်မြို့မှာ ဒီနေ့ မြို့လုံးကျွတ် ၂ ငါးလုံး အထွေထွေသပိတ်ကို ဆင်နွှဲနေပြီး  ​ဈေးနဲ့ ဈေးဆိုင်တွေ အားလုံးနီးပါး ပိတ်ထားပါတယ်။ 

ဌာနဆိုင်ရာ အသီးသီးက CDM ဝန်ထမ်းတွေနဲ့ ပြည်သူ သိန်းချီပြီး စစ်အာဏာရှင်အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး ချီတက်တောင်းဆိုနေကြပါတယ်။ 

​​ပြည်နယ်​အစိုးရရုံး၊ ခရိုင်ရုံးနဲ့ မြို့နယ်ရုံး ပတ်လည်တွေမှာတော့ လုံခြုံရေးအတားအဆီးတွေ ရဲနဲ့ စစ်တပ်အင်အားအပြည့်နဲ့ ချထားပါတယ်။

2 weeks Ago

လားရှိုးမြို့က ၂ ငါးလုံး အထွေထွေသပိတ်တွင်ပြည်သူသိန်းချီပါဝင် ဆန္ဒပြ

၂ ငါးလုံး ပြည်လုံးကျွတ်အထွေထွေသပိတ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေအပါအဝင် အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ပြည်သူလူထု သိန်းနဲ့ချီ ပါဝင်ခဲ့ပြီး စျေးဆိုင်တွေအားလုံးနီးပါးပိတ်ထားကာ အာဏာသိမ်း စစ်အစိုးရကို  ဆန့်ကျင် သပိတ်မှောက်နေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေဖြစ်တဲ့ တပ်မ (၉၉)၊  တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းတွေက လားရှိုးမြို့ပြင် အဝေးစည်းမှာ နေရာယူထားကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ကတော့ မြို့တွင်းက အချက်အခြာကြတဲ့နေရာတွေမှာ နေရာယူထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့မှာ ၅ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ရှမ်းပြည်နယ်တစ်ခွင်လုံးမှာတော့ အယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးခံထားရပါတယ်။

2 weeks Ago

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေသပိတ်တွင် ရေးပြည်သူ သိန်းချီပါဝင်

မွန်ပြည်နယ် ရေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေသပိတ်ကို ဒီနေ့ မနက်က မြို့နယ်လုံးကျွတ် ပြည်သူ သိန်းနဲ့ချီ ပါဝင် ဆန္ဒပြနေကြပါတယ်။

ဈေးတွေ၊ အလုပ်တွေ အားလုံးပိတ်ပြီး လူမျိုးဘာသာပေါင်းစုံ၊ CDM အစိုးရ၀န်ထမ်းတွေ၊ ဒေသခံပြည်သူ သိန်းနဲ့ချီ ပါဝင်ကြပြီး ဒီနေ့ဟာ အင်အားအများဆုံးဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ္။

ဆန္ဒပြ ပြည်သူတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊  လျှပ်စစ်၊  မြန်မာ့မီးရထား၊ မြေစာရင်းဦးစီးဌာနတွေအပြင် CDM မှာ ပါဝင်ပြီး ရှောင်းတိမ်းနေရတဲ့ အခွန်၊  သစ်တော၊  မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လ၀က ဝန်ထမ်းတွေလည်း ဆန္ဒပြခဲ့ကြပြီး ဒီနေ့ဟာ စစ်အာဏာရှင် ကျဆုံးမယ့် သမိုင်းမှတ်တိုင်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း၊ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ပြန်လွှတ်ပေးဖို့၊ ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်ခေါ်ပြီး လွှတ်တော် ပြန်လည်ကျင်းပဖို့ စတာတွေ တောင်းဆိုခဲ့ကြပါတယ်။

နေမျိုးထွဋ်    ရေး

2 weeks Ago
Up