၂ ငါးလုံး ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီး

May 22, 2021

၂ ငါးလုံး လူထုတော်လှန်ရေး ၃ လပြည့် ပြည်လုံးကျွတ်သပိတ် နိုင်ငံတဝန်းလုံးပါဝင်ရန် နှိုးဆော်

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ ၂ ငါးလုံး လူထုတော်လှန်ရေး ၃ လပြည့် ပြည်လုံး ကျွတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဆက်လက်ပြီး သွေးမအေးကြောင်း၊ ဆက်လက်ပြီး တော်လှန်ပုန်ကန်နေမှာ ဖြစ် ကြောင်း လမ်းမကြီးတွေပေါ်ကနေ အသံလှိုင်းတွေနဲ့ ဆန္ဒဖော်ထုတ်ကြမယ့် ဒီသပိတ်ကို တော့ မေ ၂၂ ရက် မနက် ၁၀ နာရီတိတိမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆိုင်ကယ်တွေ၊ မော်တော်ကားတွေအားလုံး အချက်ပြမီး နှစ်ဖက်(စုံမီး)ဖွင့်ကာ ၂ မိနစ်တိတိ ဟွန်းသံရှည် ဆွဲပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုက မတရားစစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးက ဆန့်ကျင် တဲ့အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒထုတ်ဖော်ပွဲကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ၂ ငါးလုံးပြည်လုံးကျွတ်သပိတ်အဖြစ် စတင်ခဲ့တာမို့ မေ ၂၂ ရက်နေ့မှာ ၃ လပြည့်မြောက်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေး ကာလ ၃ လခွဲကျော်အတွင်း အကြမ်း ဖက်စစ်အုပ်စုဆန့်ကျင်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့အတူ ပြည်သူတွေဟာ သွေးအေးမနေကြဘဲ အရပ်ဒေသအသီးသီးကနေ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ စာရင်း ပြုစုချက်အရ လတ်တလောအချိန်အထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၁၂ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပြည်သူ ၄၂၅၈ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

2 years Ago

February 22, 2021

မန္တလေးမြို့ ၂ ငါးလုံး ပြည်လုံးကျွတ်အထွေထွေသပိတ်တွင် ပြည်သူလူထု သိန်းချီပါဝင်ဆန္ဒပြနေ

မန္တလေးမြို့မှာ ၂ ငါးလုံး ပြည်လုံးကျွတ်အထွေထွေသပိတ်အဖြစ်  အင်အား သိန်းနဲ့ချီပါဝင်တဲ့ ပြည်သူလူထုက ၇၈ လမ်း ပေါ်မှာ လမ်း ၃၀ ကနေ ၃၅ လမ်းအထိ စုဝေးပြီး အာဏာသိမ်းစစ်အစိုးရကို ထိုင်သပိတ်ပြုလုပ်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြပွဲမှဦ ဆရာတော်သံဃာတော်တွေ၊ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အလွှာပေါင်းစုံက လူထုတွေ ပါဝင်ပြီး ငြိမ်းချမ်းစွာ စုဝေးကာ ဗိုလ်ချုပ်မှူးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး ၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး စတဲ့တောင်းဆိုချက်တွေလည်း တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က  မန္တလေးမြို့မှာ  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ 

နိုင်လင်းဦး

2 years Ago

၂ ငါးလုံး ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီး နိုင်ငံတဝန်းစတင်

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး  ၂ ငါးလုံးပြည်လုံးကျွတ် အထွေထွေသပိတ်ကြီးကို ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြန်မာနိုင်ငံ တဝန်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မနက်က စတင်ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်း၊ လည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက်အစောပိုင်း ကတည်းက ဆန္ဒပြပြည်သူတွေ တဖွဲဖွဲရောက်ရှိလာပြီး လူစုကာ ထိုင်သပိတ် စတင်ပြုလုပ် နေကြပါတယ်။ 

နေ့စဉ် ဆန္ဒပြပြည်သူလူထုတွေ စုဝေးထိုင်သပိတ်ပုံမှန်လုပ်လေ့ရှိတဲ့ UN ရုံးနဲ့ အမေရိကန်သံရုံးရှေ့ လမ်းမတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးထားပါတယ်။ အလားတူ တရုတ်သံရုံးရှေ့ လမ်းကိုလည်း ရဲတပ်ဖွဲ့က အကာအရံ အတားအဆီးတွေ လုပ်ပြီး ပိတ်ဆို့နေရာယူထားပေမဲ့ အတားအဆီးတွေအနားမှာ သပိတ်အဖွဲ့တွေ ရောက်ရှိနေကြတာတွေ့ရပါတယ်။

အင်းစိန်မြို့နယ်ဘက်မှာလည်း ဈေးဆိုင်တွေအားလုံးလိုလို ပိတ်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြဖို့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူတွေ စုရုံးနေကြပါတယ်။

မန္တလေးမှာလည်း ပုံမှန်ဆန္ဒပြနေတဲ့ ဒိုင်းမွန်းပလာဇာရှေ့မှာ ဆန္ဒပြည်သူတွေစုရုံးရောက်ရှိ နေကြပါတယ်။ မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးနဲ့ အိုးရှင်းကုန်တိုက်ရှေ့မှာတော့ လုံခြုံရေးတပ် ဖွဲ့တွေက ပိတ်ဆို့တားဆီးထားပါတယ်။

နေပြည်တော်မှာတော့  အင်ဂျင်နီယာတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းနဲ့ ပြည်သူလူထုတချို့ စတင်ဆန္ဒပြနေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားပါတယ်။    

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မှာလည်း ရဲလုံခြုံရေးတပ်ဖွဲ့တားမြစ်မှုကြားက လူအင်အား ၅ သိန်းကျော် ဆက်လက် ဆန္ဒပြနေကြပါတယ်။  

အလားတူ မြန်မာနိုင်ငံ တဝန်းမြို့တွေ နယ်တွေအသီးသီးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေကြပါတယ်။ 

2 years Ago
Up