၂၈ ဦး သေဆုံး

October 1, 2017

လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယား ရွာတရွာတွင် ၂၈ ဦး သေဆုံး

ဆီးရီးယားနိုင်ငံတွင်း သူပုန်တွေ တပ်စွဲထားတဲ့ အိဒလစ်ဘ်ခရိုင်ထဲက ရွာတရွာကို လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက် အပါအဝင် လူ ၂၈ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က စက်တင်ဘာ ၃၀ နေ့က ပြောပါတယ်။ သူပုန်တွေ တပ်စွဲထားတဲ့ ဒေသအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့ ခမောက်ဖြူအဖွဲ့က ကနဦး သေဆုံးသူ စာရင်းကို ၂၆ ယောက်လို့ ပြောပါတယ်။ အိဒလစ်ဘ်ခရိုင် အရှေ့ပိုင်းက အာမာနက်ဇ်မြို့ကို လေကြောင်း တိုက်ခိုက်မှုအပြီး အခြေအနေတွေကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ အရင်အပတ်က ဆီးရီးယား အနောက်မြောက်ပိုင်းက အစိုးရ ထိန်းချုပ်တဲ့ ဒေသတွေကို သူပုန်တွေ က ထိုးစစ်ဆင်ခဲ့တာပါ။ အဲဒီနောက် ဆီးရီးယားနဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီး အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။ နတ်စ်ရာတပ်ဦးလို့ အရင်က သိကြတဲ့ ဘာသာရေး စစ်ဝါဒီအုပ်စုက ကြီးစိုးနေတဲ့ အိဒလစ်ဘ် ခရိုင်ဟာ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ဒဏ်ကို ခံနေရတာ ၆ လရှိပါပြီ။ ညဘက် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတဲ့ အာမာနက်စ်ရွာဟာ တူရကီ နယ်စပ်နဲ့ မိုင်နည်းနည်းပဲ ဝေးပါတယ်။ တူရကီ၊ အီရန်နဲ့ ရုရှားတို့က အိဒလစ်ဘ်ခရိုင်အတွင်း တင်းမာမှု ပြေလျော့ရေးဇုန်ကို သတ်မှတ် ဖန်တီးခဲ့ပါတယ်။ သဘောတူညီချက်အရ တူရကီအစိုးရဟာ အိဒလစ်ဘ်ခရိုင်ထဲမှာ စစ်တပ်ကို တာဝန်ချထားမယ်လို့ တူရကီ သမ္မတ တေယစ် အာဒိုဂံက ပြောခဲ့ပါတယ်။
4 years Ago
Up