အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲရုံတွေ ပိတ်ပြီး ၃ ရက်ကြာအထိ မဲတွေကို ရေတွက်လို့ မပြီးသေးပါဘူး။
ဒါပေမဲ့ နိုဝင်ဘာ ၆ ရက်ထိ ရေတွက်ပြီးစီးသမျှထဲမှာ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ၂၆၄ မဲ၊ ရီပတ်ဗလစ်ကင် သမ္မတ ဒေါ်နယ်ထရမ့်က ၂၁၄ မဲ ရထားပြီး သမ္မတအဖြစ် ရွေးကောက်ခံနိုင်ဖို့ မဲ ၂၇၀ လိုအပ်ပါတယ်။
ပြည်နယ်လေးခုမှာ မဲရေတွက်မှု ၉၉ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။
အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ ဒီပြည်နယ်တွေထဲမှာ နီဗားဒါးပြည်နယ်က လက်ရှိမှာ မဲ ၈၇ရာခိုင်နှုန်း ရေတွက် ပြီးစီးနေပြီး အရီဇိုးနားမှာ ၉၀ ရာခိုင်နှုန်း ရေတွက်ပြီးစီးနေပါပြီ။
ဘိုင်ဒင်က မဲအသာရနေလို့ ရုပ်သံကွန်ရက်တွေက ဘိုင်ဒင်မဲနိုင်ပြီလို့ ကြေညာနေပေမဲ့ အရာရှိတွေက မဲတွေကို ဆက်ပြီး ရေတွက်နေဆဲပါ။
“ကျနော်တို့ဟာ အရီဇိုးနားပြည်နယ်မှာ ၂၄ နှစ်အတွင်း ပထမဆုံး မဲနိုင်တဲ့ ဒီမိုကရက်တွေ ဖြစ်လာပြီး ဂျော်ဂျီယာပြည်နယ်မှာ ၂၈ နှစ်အတွင်း ပထမဆုံး မဲနိုင်ခဲ့ပြီး နိုင်ငံအလယ်မှာ လွန်ခဲ့တဲ့ လေးနှစ်က ပြိုကျခဲ့တဲ့ အပြာရောင် တံတိုင်းကြီးကို ပြန်တည်ဆောက်ခဲ့ပြီ၊ ပင်ဆယ်လ်ဗေးနီးယား မီချီဂံနဲ့ ဝစ္စကိုဆင် ပြည်နယ်တွေဟာ နိုင်ငံရဲ့အသည်းနှလုံးပဲ” လို့ ဘိုင်ဒင်က ပြောပါတယ်။
အိမ်ဖြူတော် ပွဲတက်မိန့်ခွန်းအတွက် သူနဲ့အတူ မဲဆွယ်ဖက် ကာမာလာဟာရစ်ဟာ ပညာရှင်တွေနဲ့အစည်းအဝေး လုပ်နေပြီလို့လည်း ဘိုင်ဒင်က ပြောပါတယ်။
ဘိုင်ဒင်ဟာ သူ့မဲဆွယ်ဌာနချုပ်ရှိရာ ဒယ်လာဝဲပြည်နယ် ဝီလ်မင်တန်မြို့ကနေ တနိုင်ငံလုံးကို မိန့်ခွန်းပြောဖို့ မျှော်လင့်ထားပြီး သူ့အဖွဲ့ကတော့ သတင်းကွန်ရက်တွေကို စောင့်ကြည့်နေပါတယ်။
အထူးလျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ဘိုင်ဒင်ရဲ့ လုံခြုံရေးအတွက် ဒယ်လာဝဲလ်ပြည်နယ်ဆီ တပ်ကူတွေ စေလွှတ်တာဝန်ယူလိုက်ပြီဖြစ်ပြီး သူ့ပတ်ဝန်းကျင်က ဝီလ်မင်တန်မြို့ ကောင်းကင်ပြင်ကို လေယာဉ် မပျံသန်းရဇုန်အဖြစ် သတ်မှတ်လိုက်ပါပြီ။
တကယ်လို့ ဒီစနေ၊ တနင်္ဂနွေမှာ ဒီမိုကရက်ပါတီက မဲနိုင်ကြောင်း ကြေညာနိုင်ခဲ့ပါက အစိုးရ အာဏာလွှဲပြောင်းမှုကို တနင်္လာနေ့မှာ စတင်ဖို့ မျှော်လင့်ထားပါတယ်။
တရားရေး လုပ်ငန်းစဉ်တွေနဲ့ မဲရလဒ်အငြင်းပွားနေတဲ့ တချို့ ပြည်နယ်တွေမှာ မဲပြန် ရေတွက်ခဲ့ရင် သူတို့ မဲနိုင်နိုင်တယ်လို့ သမ္မတ ထရမ့်ရဲ့ အဖွဲ့ကတော့ ပြောကြောင်း ဘီဘီစီ သတင်းဌာနက ပြောပါတယ်။
ဒါပေမဲ့ ဘိုင်ဒင်ကတော့ သူ မဲနိုင်ဖို့ နီးကပ်နေပြီဖြစ်လို့ ထရမ့်အနေနဲ့ တိုက်ခိုက်နေတာတွေ ရပ်လိုက်ရင် ကောင်းမယ်လို့ ပြောခဲ့ကြောင်း သတယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြပါတယ်။
2 years Ago