၂၄ နာရီအတွင်း ကိုဗစ်လူနာသစ်

October 12, 2020

အိန္ဒိယတွင် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၇၄၀၀၀ ကျော်တွေ့ရှိ

အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၇၄,၃၈၃ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ပြထားပါတယ်။  ဒါကြောင့် တနိုင်ငံလုံးမှာ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်သွားခဲ့ပါပြီ။ ထိတ်လန့်စရာ ကောင်းတဲ့နှုန်းနဲ့ ကူးစက်သူအရေအတွက် တိုးနေပေမယ့် ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရက အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အားလုံးကို ပြန်ဖွင့်ဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။ ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာ ကန့်သတ်မှုနောက်ပိုင်း ဆိုးဆိုးရွားရွား ကျဆင်းတဲ့ စီးပွားရေးကို လမ်းကြောင်းပေါ် ပြန်တင်ဖို့ ဈေးတွေကို ပြန်ဖွင့်ပြီး ရထားတွေနဲ့ လေကြောင်း ခရီးစဉ်တွေအပါအဝင် အများပြည်သူဆိုင်ရာနေရာတွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေတာပါ။ အိန္ဒိယနိုင်ငံအတွင်း ဘဏ်တွေကို စည်းမျဉ်းသတ်မှတ်ရာ ဗဟိုဘဏ်ဖြစ်တဲ့ အိန္ဒိယ အရန်ဘဏ်ကတော့ ဘဏ္ဍာရေးနှစ် ၂၀၂၀-၂၀၂၁ အတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ဟာ အနှုတ် ၉ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအသစ်ဦးရေဟာ ၁၃ ရက်အတွင်း ၁ သန်း တိုးခဲ့တာ လို့ အစိုးရကိန်းဂဏန်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန်ကတော့ စုစုပေါင်း ကူးစက်ခံအတည်ပြု လူနာ ၈ သန်းနီးပါး ရှိနေပြီး ကမ္ဘာ့ ကူးစက်ခံအများဆုံးနိုင်ငံ ဖြစ်နေဆဲပါ။
7 months Ago
Up