၂၁ ရာစု ပင်လုံကြောင့်

November 11, 2016

၂၁ ရာစု ပင်လုံကြောင့် ကေအန်ယူကွန်ဂရက်ကို ရွှေ့ဆိုင်း

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို လာမယ့် ၂၀၁၇ မတ်လကျမှ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့  ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။ မနေ့က ကျင်းပပြီးစီးသွားတဲ့ ၅ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလမှာ  ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ ကျင်းပမယ့် အစီအစဉ်ကြောင့် ကေအန်ယူရဲ့ ကွန်ဂရက်ကို ရွှေ့ဆိုင်းရတာလို့ ပဒိုစောသမိန်ထွန်းက ပြောပါတယ်။ “ဖေဖော်ဝါရီလမှာ ၂၁ ရာစု ပင်လုံညီလာခံ လုပ်မယ် ဟုတ်လား၊ အဲဒီမှာ တက်တဲ့အခါမှာ ရှိပြီးသားလူတွေက အဲဒီမှာ တက်နိုင်ဖို့အတွက် အဲဒီအတွက်ကိုလည်း စီစဉ်တယ်။ အဲဒီအတွက် ပြင်ဆင်ထားတဲ့ လူတွေထဲမှာ အခုလက်ရှိ ရှိနေတဲ့ ကော်မတီထဲက သူတို့ လုပ်နေတဲ့ဟာတွေက အဲဒီမှာ ပါနေတယ်။ အဲတော့ ၂၁ ရာစုပင်လုံ လုပ်တဲ့အခါမှာ ဒီလူတွေက ပိုသိတော့ သူတို့ကိုပဲ မျက်နှာသာပေးလိုက်ပြီး သူတို့ကို ပြောခိုင်း ဆိုခိုင်း တက်ခိုင်းပြီးမှ ဒို့က မတ်လလောက်မှာ ပြန်ပြီးမှ ကွန်ကရက်ပြန်လုပ်မှာ။ ဘာကြောင့်လဲဆိုတော့ ကွန်ဂရက်ကို အရင်လုပ်လိုက်ရင် ဒို့က လူပုဂ္ဂိုလ်ရွေးကောက်ပွဲတွေမှာ အပြောင်းအလဲတွေ အများကြီးရှိသွားမယ်။ အဲလို ဖြစ်သွားမယ်ဆိုတော့ အဲလိုမဖြစ်ခင်မှာ ဒါကို အရင်လုပ်လိုက်မယ်။ အဲဒါပြီးမှ ကွန်ဂရက် ပြန်လုပ်မယ်။ လုပ်ငန်းအဆင်ပြေအောင်ပါ။” ကေအန်ယူရဲ့ ကွန်ဂရက်ကို ၄ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိပြီး ကျင်းပချိန်ကို နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပလေ့ရှိပါတယ်။ အစောပိုင်းကတော့ ၁၆ ကြိမ်မြောက် ကွန်ကရက်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင် ကျင့်ပဖို့ ရည်ရွယ်ခဲ့ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် ၂၁ ပင်လုံညီလာခံကြောင့် ဒီကွန်ဂရက်ကို ရွှေ့ဆိုင်းရတာဖြစ်ပါတယ်။ ကွန်ဂရက် ရွေ့ဆိုင်းလိုက်တာကြောင့် ကရင်အမျိုးသားထုအကြားမှာ ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေပေမယ့် ကေအန်ယူဗဟိုကော်မတီဘက်ကတော့ လုပ်ငန်းအဆင်ပြေချောမွေ့ဖို့ အားလုံးသဘောတူညီချက်နဲ့ အခုလို ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။ ကွန်ဂရက်ကို လာမယ့် ၂၀၁၇ မတ်လ တတိယအပတ်လောက်မှာမှ ကျင်းပဖို့ရှိပြီး ကျင်းပမယ့်ရက်ကိုတော့ ဗဟိုကော်မတီဝင်တွေ အစည်းအဝေးပြန်လုပ်ပြီး ထုတ်ပြန်သွား ဖို့ရှိနေပါတယ်။ အခုတကြိမ် ကွန်ဂရက်ပြီးရင် ကေအန်ယူကို ဘယ်သူတွေ ဦးဆောင်မယ်ဆိုတာ ကရင်လူထုတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
6 years Ago
Up