၂၁ ရာစု ပင်လုံညီလာခံက

A d v e r t i s e m e n t With Us

September 8, 2016

၂၁ ရာစု ပင်လုံညီလာခံက ဘာမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ သြဂုတ်လ ၃၁ ရက်နေ့က ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ကျင်းပနေပါတယ်။ ဒီညီလာခံမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ အရင်လုပ်ခဲ့တဲ့ အန်စီအေလို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး ညီလာခံတွေနဲ့ ကွာတာကတော့ အရင်တုန်းက လက်မှတ်မထိုးတဲ့ တိုင်းရင်းသားအချို့ ပါဝင်တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အဲလိုပဲ နိုင်ငံတကာမှာဆိုရင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် လာရောက်တာ တွေ့ရှိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဒီညီလာခံကနေ ဘာတွေများ ထူးခြားချက်တွေရှိလဲ၊ မျှော်လင့်ချက်တွေရှိလဲဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ်(ဒီဗွီဘီ) "အဲဒီတော့ ဆရာအေးမောင်ကျော်ကို စမေးချင်ပါတယ်။ ဒီညီလာခံရဲ့ ထူးခြားချက်လေးတွေ ပေါ့နော်။ ဘာတွေများရှိလဲ၊ အရင်လုပ်လာတဲ့ ငြိမ်းချမ်းရေးညီလာခံတွေနဲ့ ဒီညီလာခံက လက်တွေ့ကျကျ ဘာမျှော်လင့်လို့ရလဲ။ အဲဒါကို ပထမဆုံး ပြောပေးပါခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "ဒီညီလာခံကတော့ ကျနော်တို့ ဒီအစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အနေနဲ့ ကျင်းပတာပေါ့လေ။ အဲဒီတော့ ခေါ်တာကိုက ၂၁ ရာစု ပင်လုံလို့ ခေါ်တဲ့ အဓိပ္ပာယ်ကလည်း ကျနော်တို့ ၂၀ ရာစု ပင်လုံတုန်းက တိုင်းရင်းသားတွေ တစုတစည်းတည်း အင်အားနဲ့ လွတ်လပ်ရေး ရယူခဲ့တယ်ဆိုတဲ့ စည်းလုံးညီညွတ်မှုဆိုတဲ့ စိတ်ဓာတ်ပေါ့နော်။ ဒါကို ဆက်ခံပြီးတော့ ကျနော်တို့ နိုင်ငံတည်ဆောက်ဖို့ လိုတယ်ဆိုတာကို အလေးအနက်ထားတဲ့အနေနဲ့ ၂၁ ရာစု ပင်လုံလို့ ခေါ်တဲ့ သဘောပေါ့လေ။ အဲဒီတော့ ဒီညီလာခံမှာတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ သမိုင်းဝင်ညီလာခံ တခုပါပဲ။ ပြောမယ်ဆိုရင်တော့ အရင် သမ္မတဦးသိန်းစိန် လက်ထက်က ညီလာခံထက်စာရင်တော့ လူစုံတက်စုံ ပိုပြီးတော့ ပါတယ်လို့ ပြောနိုင်တာပေါ့။ တချို့ အခု ပြောနေတဲ့ အဖွဲ့ ၃ ဖွဲ့ကတော့ မပါဘူးပေါ့လေ။ ဒါကတော့ ကျနော်တို့ သီးခြားဖြစ်စဉ်အနေနဲ့ စဉ်းစားလို့ရပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်မြင်တာတော့ အများစုကြီးပါတယ်။ ဒီမှာလည်း ကျနော်တို့ အမြင်တွေ စုံစုံ ဆွေးနွေးကြလိမ့်မယ်ပေါ့နော်။ ဆွေးနွေးချက်တွေထဲမှာ အမြင်တွေကွဲတာတွေ အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ ကျနော်တို့ စားပွဲဝိုင်းပေါ် ရောက်လာပြီဆိုရင် ကျနော်တို့ ဒါကို အခုနကပြောတဲ့ ပင်လုံစိတ်ဓာတ်နဲ့ ဆက်ပြီးညှိသွားကြမယ်ဆိုတဲ့ သဘောပါပဲ။ ဒါ အလားအလာ အများကြီးကောင်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ ကိုအေးမောင်ကျော်တို့ အမြင်ကွဲပြားမှုတွေတော့ ရှိတယ်။  ဒါပေမယ့် ဒီချုပ် ဦးဆောင်တဲ့ အစိုးရသစ်မှာ ငြိမ်းချမ်းရေး သူတို့ ဖော်ဆောင်ပေးမယ်၊ အမျိုးသားရင်ကြားစေ့ရေး လုပ်ပေးမယ်ဆိုတဲ့ ခြေလှမ်းသစ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဆရာဇေယျာသူ ဒီဟာရဲ့ ဘာထူးခြားချက်တွေ ရှိလဲ၊ နောက်တခုက ကျနော်တို့ လက်တွေ့ကျကျ ဘာတွေ မျှော်လင့်ရလဲ။ အဲဒါလေး ဆွေးနွေးပါဦးခင်ဗျ။" ဦးဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice ဂျာနယ်) "အဓိကကတော့ ပြည်သူတွေကလည်း စိတ်ဝင်စားကြတယ်။ ဘာလို့လဲဆိုတော့ မီဒီယာကလည်း အရင်ကထက်စာရင် ပိုလွတ်လပ်တယ်။ ပြီးအခါကျတော့ တိုက်ရိုက်လွှင့်ခွင့်တွေ ပေးတဲ့အခါကျတော့၊ တိုက်ရိုက်ကြည့်ရတဲ့အခါကျတော့ ပြည်သူတွေပါ ၀င်ပြီး စဉ်းစားလို့ရတာပေါ့နော်။ တွေ့ရတာကတော့ ပွင့်ပွင့်လင်းလင်း ပြောသွားတာ တွေ့ရတယ်။ ခေါင်းဆောင်တွေပေါ့နော်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၊ UNFC ခေါင်းဆောင်တို့၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည် အကုန်လုံးက ပွင့်ပွင့်လင်းလင်း ပြောသွားကြတယ်။ အဲဒီမှာ ဘာလေးတွေလည်း သွားတွေ့ရလဲဆိုတော့ ပြည်ထောင်စုကနေ ခွဲမထွက်ဘူးဆိုတဲ့ ဟာတွေလည်း တွေ့ရတယ်။ နောက်ပြီးတော့ အရင်ခံစားချက်တွေပေါ့လေ။ အဲဒါတွေလည်း ပြောသွားတာ တွေ့ရတယ်။ အဲဒီအခါကျတော့ အရင်တုန်းက ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ပြည်သူတွေကနေပြီးတော့ ပိုပြီးတော့ စိတ်ဝင်စားလာပြီးတော့ ဒီပေါ်မှာ ဝေဖန်ကြတာတွေ ရှိတယ်။ တချို့ဝေဖန်ချက်တွေက ဆိုးတယ် ပြောလို့ရသလို၊ တချို့ကလည်း ကောင်းတဲ့ဟာတွေ ရှိတယ်။ အဲဒီတော့ ဒါကတော့ ဘာလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြောနေကြတဲ့ all inclusive ပေါ့နော်။ All Inclusive ဆိုတာက ပြည်သူတွေပါ ပါရမယ်။ အဖွဲ့တွေအကုန်လုံးတင် မဟုတ်ဘူး။ ပြည်သူတွေပါ ပါရမယ်ဆိုရင် ပိုကျယ်ပြန့်တဲ့ သဘောထားနဲ့ စဉ်းစားကြည့်ရင် ဒီလို သဘောရတယ်ပေါ့။ အဲဒီအခါကျတော့ အခု ကျနော့်အမြင်မှာ ထူးခြားတာကတော့ ပြည်သူတွေ ပိုပြီးတော့ စိတ်ဝင်တစားနဲ့ ဒါကို စောင့်ကြည့်ကြတာဟာ။ ဒါကတော့ ထူးခြားတဲ့ ဖြစ်စဉ်ပေါ့လေ။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ အရင်ကထက် ပိုပြီးတော့ ပါလာတဲ့ ထူးခြားတဲ့ all inclusive ပေါ့နော်။ အရင် လက်မှတ်မထိုးတဲ့ UNFC ပေါ့။ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ကို ထည့်လာတယ်ပေါ့နော်။ ၈ ဖွဲ့အပြင် ကျန်တဲ့သူတွေ။ အဲလိုပဲ ‘၀’ တို့၊  မိုင်းလားတို့ ထည့်လာတယ်။ နောက်တခုကလည်း စကားလုံးနဲ့ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်။ ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တယ်ပေါ့။ နောက်ထပ် ထူးခြားတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုတဲ့စကားကို လုံးဝရှောင်ပြောသွားတာ တွေ့ရပါတယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေဘက်က ဗိုလ်ချုပ်မူတူးဆေးဖိုးကတော့ သူ ပြောတယ်၊ ၄၇ ပင်လုံသည် လွတ်လပ်ရေးကို ယူတယ်၊ ၂၁ ပင်လုံသည် ဖက်ဒရယ်စနစ်ကို တည်ထောင်မယ်ဆိုတဲ့အတွက် သူထောက်ခံပါတယ်လို့ သူပြောတယ်ပေါ့။ အဲဒီတော့ တပ်မတော်အနေနဲ့ကရော ဖက်ဒရယ် ဆိုတဲ့အပေါ်မှာ တမင် ရှောင်နေတာလား၊ ဒါမှမဟုတ် လောလောဆယ် အစိုးရရဲ့ တိုင်းရင်းသားတွေ ပြောနေတဲ့ ဖက်ဒရယ်တည်ဆောက်ရေးဆိုတဲ့ လုပ်ငန်းစဉ်ထဲမှာ မပါသေးတာလား။ အဲဒါလည်း နည်းနည်းသုံးသပ်ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော်  (နိုင်ငံရေးဆောင်းပါးရှင်) "တပ်မတော်အနေနဲ့ကတော့ သူက ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်၊ ၂၀၀၈ ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်တခု သူ့မှာ ရှိတယ်ပေါ့လေ။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး ပြောတဲ့အထဲမှာ သူက တပ်မတော်ရဲ့ မူ ၆ ချက် ဆိုတာလည်း သူ ထည့်ပြောသွားတယ်။ အဲဒီမူ ၆ ချက်မှာလည်း ပထမ ၄ ချက်လောက်က ပြဿနာမရှိဘူး။ နောက်ဆုံး ၂ ချက်ကတော့ ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အောက်ကနေပဲ ဆက်လက်လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်မျိုးတွေကျတော့ အရင်တုန်းကလည်းပဲ တိုင်းရင်းသားအဖွဲ့တွေရော အကုန်လုံးက ဒါကို လက်ခံဖို့ အရမ်းခက်ခဲတယ်ဆိုတာ ပြောပြီးသား ရှိတယ်ပေါ့နော်။ ဒါပေမယ်လို့ တပ်ဘက်ကလည်း ဒီ ၆ ချက် ဆိုတာကတော့ လုံးဝကြီး လိုက်နာရမယ် ဆိုတာမျိုးလည်း မဟုတ်ပါဘူး ဘာညာနဲ့လည်း ပြောဖူးတယ်။ ဆိုတော့ နောက်တခုက ပြောမယ်ဆိုရင်တော့ သမ္မတဦးသိန်းစိန် လက်ထက်က ဖက်ဒရယ်ဆိုတာကို အကြမ်းဖျင်း လက်ခံပြီးသားလို့ ကျနော်တို့ နားလည်လို့ရတယ်လေ။ အဲဒီတော့ တပ်မတော်အနေနဲ့လည်း သူ လေ့လာထားပြီးသားတွေ အများကြီး ရှိပါတယ်။ နောက် လွှတ်တော်ထဲမှာလည်း ဟိုတနေ့က တပ်မတော်သားတယောက်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ဟာ စကားရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီလို့ ကန့်ကွက်ပါတယ်။ အဲဒီ ကြေညာချက်ကို ကန့်ကွက်တာ မဟုတ်ဘူး။ အဲဒီ စကားလုံးကိုပဲ သူက ပြင်ချင်တာပေါ့လေ။ သူတို့ပြောတာကတော့။ လွှတ်တော်ရဲ့ ကြေညာချက်ကို သူတို့ ထောက်ခံတယ်။ သို့သော် အဲဒီစကားလုံးကတော့ ၂၀၀၈ နဲ့ မကိုက်ဘူးဆိုတဲ့သဘော ပြောချင်တာပေါ့။ ဒါပေမယ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်မြင်တာကတော့ ကျနော်တို့ သွားမယ့်လမ်းကြောင်းက အားလုံးက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာတော့ ရှင်းပြီးသားလို့ ထင်ပါတယ်။ ဒါပေမယ့်လို့ လောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံနဲ့တော့ မကိုက်ဘူး။ သို့သော်လည်း အဲဒီဟာကို ကျနော်တို့ ပြောလို့တော့ ရတယ်လို့ ထင်တယ်။ ဒါ ကြိုပြောတာတော့ မဟုတ်ဘူး။ ဒီလမ်းကြောင်းကို ကျနော်တို့ သွားမယ်လေ။ အခုလုပ်နေတဲ့ ညီလာခံဆိုတာလည်း ဒါပဲလေ။ အဲတော့ ဆိုလိုတာက နည်းနည်းလေးကပ်ပြီးတော့ မကွဲလွဲသင့်ဘဲနဲ့ ကွဲလွဲနေတယ်လို့ ထင်တယ်။ အဲတော့ သူတို့က ဒါကို ကန့်ကွက်တာလည်း မဟုတ်ဘူး တပ်မတော်အနေနဲ့က။ ဒါပေမယ့် စကားလုံးအရ လောလောဆယ်မှာ မကိုက်ဘူးလို့ ပြောတယ်။ ဒါပေမယ့် အဲဒါက ပြောရင်လည်း ကျနော်တို့ မြင်တာက ပြောရတော့မှာပဲလေ။ အခု ညီလာခံမှာ ဟုတ်တယ် မဟုတ်လား။ အခုလည်း ပြောနေကြပြီပဲ၊ ဟုတ်လား။ အဲဒီလို ထင်တယ် ကျနော်ကတော့။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့။ ကိုဇေယျာသူလည်း ကျနော် ဒီနေရာကပဲ မေးပါမယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍပေါ့။ အထူးသဖြင့် တပ်မတော်ရဲ့ အဓိကက ဒို့တာဝန်အရေးသုံးပါးရယ်၊ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ရယ်ပဲ အဓိကထားပြီး ဆွေးနွေးသွားတယ်။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို အတတ်နိုင်ဆုံး ရှောင်သွားတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာကို တော်တော်အရေးပေးပြီး ပြောတယ်။ ဘန်ကီမွန်းတောင် ပြောတယ် နိုင်ငံတကာက။ အဲဒီတော့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တလျှောက်လုံးပါပေမယ့် ဖက်ဒရယ်ကိစ္စမှာတော့ ဘယ်လိုသဘောထားပြီး ဘယ်လိုမျိုး ကိုင်တွယ်နေတယ် ဆိုတာလေး ဖြည့်စွက်ဆွေးနွေးပေးပါဦး။" ဦးဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice ဂျာနယ်) "တပ်မတော်ကတော့ ကျနော့်အမြင်ကတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေပြီးတော့ ငြိမ်းချမ်းရေးရမယ်လို့ သူက ယုံကြည်ထားပုံရတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပြင်ဆင်မှုကို ကြည့်ရင်ပေါ့လေ။ အရင် ဦးသိန်းစိန်လက်ထက်က လုပ်တုန်းက ငြိမ်းချမ်းရေးညီလာခံလည်း တက်ဖြစ်တော့ အဲဒီမှာလည်း တပ်မတော်က ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာက သူတို့တွေက ဖက်ဒရယ်စနစ်တွေ ဘာတွေက အစ ချပြပြီး ဆွေးနွေးနေတာတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့က ဖက်ဒရယ်စနစ်ကိုတော့ နောက်သွားရမယ့်ဟာလို့ ကျနော့်စိတ်ထဲမှာ လက်ခံထားပုံရတယ်။ သို့သော်လည်း စကားလုံးပေါ့လေ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာက ၂၀၀၈ ထဲမှာပါတဲ့ ပြည်ထောင်စုနဲ့ တကယ်တမ်းတော့ ကျနော့်စိတ်ထင် သဘောတရားက အတူတူပဲ။ စကားလုံးအရသာ သူက ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ချင်တဲ့သဘောနဲ့ ပြောနေတာပေါ့နော်။ အဲဒီတော့ စကားလုံးသဘောပဲ ကျနော့်စိတ်ထင် ရှိလိမ့်မယ်ပေါ့။ အဲတော့ တပ်မတော်ကလူတွေ အများကြီးတက်တယ်။  တက်ပြီးတော့ အဲဒီထဲမှာ အသက်ငယ်ငယ်ရွယ်ရွယ်တွေလည်း ပါတဲ့အခါကျတော့ သူတို့က ဒီငြိမ်းချမ်းရေးညီလာခံ အပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေပြီးတော့ ပြည်ထောင်စုပဲခေါ်ခေါ်၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုပဲခေါ်ခေါ် အဲဒီကိုတော့ ဒီကနေပဲတဆင့် သွားရမယ်လို့ သေချာပေါက် သူက ပြင်ဆင်ထားပုံရတယ်။ ပြီးတော့ ဖက်ဒရယ်နဲ့ပတ်သက်ရင် ကျွမ်းကျင်သူတွေတောင်မှ သူတို့ထဲမှာ တော်တော်လေးရှိနေပြီလို့ ကျနော်တို့က တင်တဲ့ စာတမ်းသဘောတရားတို့ ဘာတို့အရမှာတော့ ယူဆလို့ ရနေတယ်ပေါ့။ အဲတော့ ပြဿနာကတော့ တစုံတရာ ကျနော့်အထင်တော့ ရှိမယ်မထင်ဘူး။ အဓိကကတော့ ယုံကြည်မှုပဲ။ ယုံကြည်မှု ရလာတာနဲ့အမျှ ဒီစကားလုံးပြဿနာကတော့ ပြေလည်သွားမယ်ပေါ့လေ။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ပင်လုံနဲ့ပတ်သက်လို့ နိုင်ငံတကာ သတင်းစာတွေကရော၊ ပြည်တွင်းသတင်းစာတွေကရော တော်တော်များများ အကောင်းဘက်ကို ရေးတာများပါတယ်။ မျှော်လင့်ချက်လည်း ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တချို့ ထောက်ပြမှုလေးတွေလည်း ရှိပါတယ်။ ဒါကတော့ ဥပမာ- နိုင်ငံတော်သမ္မတက မိန့်ခွန်းမပြောတဲ့ ကိစ္စပေါ့နော်။ နောက်တခုက တိုင်းရင်းသားခေါင်းဆောင်တွေကို သူတို့ရဲ့ စစ်ရေးရာထူးတွေ ခေါ်ခွင့်မပေးတာရယ်၊ နောက်တခုက ‘၀’ပြည် သွေးစည်းညီညွတ်ရေးပါတီပေါ့နော်၊ ‘၀’အဖွဲ့က နားလည်မှုလွဲတယ်လို့လည်း ပြောတယ်။ တချို့ကတော့ သူတို့ကိုယ်တိုင်က တန်းတူမှု မရှိလို့ဆိုပြီးတော့ ညီလာခံ တက်ရောက်မှုကနေ ထွက်ခွာသွားတယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာရော ဒီဟာက စီစဉ်တဲ့လူတွေရဲ့ အတွေ့အကြုံအရ လွဲတာလား၊ ဒါမှမဟုတ် ‘၀’တွေ ပြောတဲ့ တကယ်တမ်း တန်းမတူဘူး၊ သူတို့ကို အရေးမထားဘူး ဆိုတဲ့အပေါ်မှာ ရှိလား။ အဲဒါနဲ့ပတ်သက်ပြီး ဆရာအေးမောင်ကျော် ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး ခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်ပါးရှင်) "အဲဒါကတော့လေ တကယ်ကျတော့ စီစဉ်တဲ့နေရာမှာလည်း လိုတော့ လိုနိုင်တာပေါ့လေ။ ဒါပေမယ့်လည်း ခုနကပြောတဲ့ ‘၀’အဖွဲ့ တက်လာတာကလည်း ‘၀’အဖွဲ့က တကယ့် မြောက်ပိုင်းမှာရှိတဲ့ ခေါင်းဆောင်အဆင့်တွေ မဟုတ်ဘဲနဲ့ တောင်ပိုင်းမှာရှိတဲ့ ဆက်ဆံရေးရုံး အဆင့်လောက်ပဲ လွှတ်လိုက်တာကိုး။ ဆိုတဲ့အခါကျတော့ အဲဒီပုဂ္ဂိုလ်တွေကလည်း ဒီလို ရုံးလုပ်ထုံးလုပ်နည်းတွေနဲ့ ဘယ်လိုလုပ်ရမယ် ဆိုတာတွေ သိပ်ကြေညက်ပုံမရဘူး။ သူတို့ ကိုယ်ကြိုက်တဲ့နေရာမှာ သွားတည်းတယ်။ အကြောင်းမကြားဘူးပေါ့နော်။ ဟိုကလည်း ဆက်သွယ်လို့ မရဘူးပေါ့လေ။ အဲတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပေးဖို့ လက်မှတ် အစောင် ၂၀၀ က သပ်သပ်ပေးထားတယ်ပေါ့နော်။ တိုင်းရင်းသားနဲ့သက်ဆိုင်တဲ့ ကိုယ်စားလှယ်ကို ပေးထားတယ်ပေါ့။ အဲဒီပုဂ္ဂိုလ်တွေက ရှာလို့မတွေ့တဲ့အခါကျတော့ ဟိုပုဂ္ဂိုလ်တွေ ရောက်လာတဲ့အချိန်မှာ ဒါ သူတို့ ရှင်းပြတာတွေကတော့ ယာယီကတ်၊ အရန်ထားတဲ့ လေ့လာသူကတ်တွေကို ပေးလိုက်ရတော့ ညနေကျရင် ပြန်လဲပေးပါမယ် ဆိုတာမျိုးပေါ့လေ။ ညနေ သွားလဲတဲ့အချိန်မှာတော့ မလဲတော့ပါဘူး၊ ပြန်ယူထားပါ ဆိုပြီးတော့ သူတို့ မယူတော့ဘူးပေါ့နော်။ နောက်တရက်ကျတော့ ပြန်သွားတယ်ပေါ့။ အဲတော့ ဆိုလိုတာကတော့ တကယ်တမ်းကတော့ ‘၀’အဖွဲ့ကလည်း ဒါ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူက အေအေရယ်၊ ကိုးကန့်ရယ်၊ ပလောင်ရယ် မပါဘူးဆိုရင် သူ မတက်ဘူးလို့ အစောကတည်းက ပြောထားတာရှိတယ်။ ပြောမယ်ဆိုရင်တော့ သူကလည်း တကယ်တမ်း သိပ်တက်ချင်ပုံမရဘူး။ ဒါပေမယ့်လို့ တဘက်က ဖိအားတွေကြောင့် သူကလည်း တက်လာပုံရတယ်။ တက်လာတဲ့အခါမှာလည်း သူက တဆင့်နိမ့်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တယ်ပေါ့လေ။ ဆိုတဲ့အခါကျတော့ အခုလို နားလည်မှု လွဲသွားတယ်ဆိုတဲ့အခါကျတော့ သူကလည်း ငိုချင်ရက်လက်တို့ ဖြစ်သွားတဲ့ သဘောပဲ။ ကျနော် ထင်တာပေါ့လေနော်။ ဘာပဲဖြစ်ဖြစ် ဒါက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြောတယ်လေ။ ဘယ်သူ့ကိုမှ အပြစ်မဆိုကြပါနဲ့ ဆိုပြီးတော့ပေါ့နော်။ အဲဒီတော့ ကျနော်တို့လည်း အပြစ်မဆိုပါဘူး။ ဘာပဲဖြစ်ဖြစ် လွဲသွားပြီပေါ့လေ။ လွဲသွားတဲ့အခါကျတော့ ဒါ ဖြေရှင်းကြရမှာပေါ့။ သဘောကတော့ ပြန်ပြီးတော့ သူတို့လည်း ကြေညာချက်ထုတ်မယ်လို့ ပြောတယ်။ ဘယ်လိုပဲဖြစ်စေပေါ့လေ၊ သိပ်တော့မကောင်းဘူးပေါ့လေနော်။ အဲလို မြင်ပါတယ်။ နောက်တခုကတော့ တိုင်းရင်းသားတွေရဲ့ အဆင့်နေရာပေါ့လေ။ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ အမျိုးမျိုး ရှိပါတယ်။ ဗိုလ်ချုပ်ကြီးတွေလည်း ရှိတယ်၊ ဗိုလ်ချုပ်တွေလည်း ရှိတယ်ပေါ့လေ။ ဟိုတုန်းကဆိုရင် ကျနော်တို့ ဟိုတုန်းက ကြာပြီပေါ့လေ၊ ဟိုတုန်းက ဗိုလ်မှူးလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေက ခုဆို ဗိုလ်ချုပ်တွေ ဖြစ်နေပြီပေါ့လေ။ ဒါပေမယ့်လို့ ဒါ တပ်မတော်အနေနဲ့ကျတော့ နိုင်ငံတော်ရဲ့ status တခုအနေနဲ့ သူက ဒီလိုပွဲတွေမှာ တရားဝင်ဖြစ်ဖို့ သူ့အနေနဲ့ အဆင်မပြေဘူး ထင်တယ်။ နောက်တခုက ‘ဦး’ တို့ ဘာတို့ တပ်မယ်ဆိုရင်လည်း တိုင်းရင်းသားဘက်က လက်မခံဘူးပေါ့နော်။ ရှေ့မှာ ‘ဦး’ တပ်တယ်ဆိုရင်လည်း ဒါက ဗမာ၊ ဘားမားနိုက်စ် ဖြစ်တယ်လို့ သဘောမျိုးရှိတယ်။ ဆိုတဲ့အခါကျတော့ ဘယ်လိုမှ တပ်လို့မရဘူးပေါ့လေ။  တပ်လို့မရလို့ အဲဒီနာမည်ကိုပဲ ဒီအတိုင်း ရေးထားတာ တွေ့ရတယ်။ ဒါတွေက ကျနော်တို့တိုင်းပြည်ရဲ့ ပကတိ အရှိတရားတွေပေါ့လေ။ ဒါတွေကို ကျနော်တို့ ရင်ဆိုင်ရမှာပဲ။ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ။ အဲလို အသေးအမွှားလို့ ထင်ရသော ကိစ္စအသေးလေးတွေကစပြီး အကြီးကြီးထိ ကျနော်တို့က အများကြီး လုပ်စရာတွေ ရှိတယ်။ အဲဒီတော့ အဲအပေါ်မှာ တတ်နိုင်သမျှ ကျနော်တို့က သဘောထားကြီးကြီးနဲ့ နားလည်ပြီးတော့ လုပ်ကြရင်တော့ အကောင်းဆုံးလို့ ထင်ပါတယ်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့။ ဆရာအေးမောင်ကျော်ကတော့ တချို့ဟာတွေ၊ တိုင်းရင်းသားတွေ စစ်ရာထူးနဲ့ မခေါ်တာ။ ဒါပေမယ့် ကျနော်တို့ သမိုင်းထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်တွေက မေဂျာ ဂျင်နရယ် အောင်ဆန်း self style ပေါ့။ ကိုယ့်ကိုယ်ကိုယ် ပေးထားတယ်လို့ တချိန်တုန်းက ဆွေးနွေးပွဲတခုမှာ အဲလို လုပ်ခဲ့ဖူးတယ်။ အဲတော့ ဒီဟာတွေကလည်း ရေရှည်တော့ စဉ်းစားရမှာပေါ့နော်။ အဲဒီတော့ ကိုဇေယျာသူလည်း ကျနော် တခုလောက် မေးချင်တာက အခုလိုမျိုး all inclusive ထဲမှာ နဂိုကတည်းက ညှိမရတဲ့ ၃ ဖွဲ့ကတော့ ကျန်ခဲ့သေးတယ်။ အခု ‘၀’ ဆိုရင်လည်း နည်းနည်းနားလည်မှု လွဲပြီးတော့ သွားကြတယ်ပေါ့နော်။ အဲဒီတော့ တကယ်တမ်း အကုန်ပါလာအောင် နောက်တခုကလည်း ပြောနေတဲ့ အခြေခံတန်းတူရေးဆိုတဲ့ အခြေအနေပါ ဖြစ်လာအောင် ဘာတွေများ ဆက်ပြီးတော့ လုပ်ဖို့၊ ညှိနှိုင်းဖို့လိုတယ် ဆိုတာလေး ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး ခင်ဗျ။” ဦးဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice ဂျာနယ်) “အဓိကကတော့ ကွာခြားချက်တွေ ရှိတာပေါ့။ ကွာခြားချက်တွေ ရှိတာက တကယ်တမ်းတော့ ဒါ ပုံမှန်ပဲ။ အဲဒါကြောင့်မို့လည်း ဒီဆွေးနွေးပွဲတွေ ဖြစ်တာပေါ့။ ကျနော့် အမြင်ကတော့ ဆွေးနွေးပွဲမှာ ကမောက်ကမတွေ ဘာပဲဖြစ်ဖြစ် ဆက်ဆွေးနွေးရမယ်၊ ဆွေးနွေးရင်းနဲ့လည်း ခုနကလိုမျိုး အပြိုင်သွားနေတဲ့ဟာတွေ ရှိတယ်လေ။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနေတာတွေ ဘာတွေလည်း ရှိတော့၊ အဲဒါတွေမှာလည်း တောက်လျှောက် သွားနေရင်းနဲ့၊ အလုပ်အတူ တွဲလုပ်ရင်းနဲ့ ဒါက တယောက်နဲ့တယောက် ယုံကြည်မှုပိုရလာမယ်။ လွန်ခဲ့တဲ့ ၂၀၁၁ လောက်က စခဲ့တဲ့ဟာက အဲဒီစတုန်းကဆို အခြေအနေ တော်တော်ဆိုးတယ်လို့ ပြောတယ်။ တယောက်နဲ့တယောက်က မျက်နှာချင်းဆိုင်ဖို့တောင် မဖြစ်နိုင်ဘူး။ ဥပမာ- ထိုင်းမှာပဲလုပ်မှ၊ တရုတ်မှာပဲ လုပ်မှ ဆွေးနွေးပွဲတွေ လုပ်မှရတဲ့ သဘော ရှိတယ်ပေါ့နော်။ ရန်ကုန်တို့၊ နေပြည်တော်တို့မှာ လုပ်ဖို့မလွယ်ဘူး။ အခုကျတော့ အဲဒါတွေကနေပြီးမှ ယုံကြည်မှုက တည်ဆောက်လာတဲ့အခါကျတော့၊ ခေါင်းဆောင်အချင်းချင်း နားလည်မှု ရလာတဲ့အခါကျတော့ နေပြည်တော်ဆိုလည်း လုပ်မယ်။ ရန်ကုန်မှာဆိုလည်း လုပ်မယ် ဆိုတဲ့ဟာ ဖြစ်လာတယ်။ အဲဒီတော့ ခုဟာက ကျနော်တို့ ၂၁ ရာစု ပင်လုံဆိုတာက နောက်ထပ် ဒီညီလာခံ ပြီးရင် ထပ်ခေါ်ဖို့ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ၂၁ ရာစုပင်လုံ ၂ တို့၊ ၃ တို့ ဆိုရင် ရယ်စရာ ဖြစ်နေမှာဆိုတော့။ ဒီဟာကြီးက အဖွင့်ဟာကြီးပဲ။ ဆိုတော့ အဲဒီအဖွင့်ဟာကြီးကမှ ကျနော်တို့ ဘယ်လို ဆက်သွားမလဲ။ ခုဟာက ပြောတဲ့အခါမှာတော့ စိုးရိမ်စရာလို့ ထင်ရတာတွေလည်း ရှိတယ်ပေါ့နော်။ ပြည်နယ်တွေက တယောက်ပြီးတယောက် တောင်းနေကြတော့ ဒီအတိုင်းသာ အမွေခွဲလိုက်ရင်တော့ အချင်းချင်းချကြဖို့ပဲ ရှိတယ်ဆိုတဲ့ သဘောပဲ။ ကျနော့်အမြင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒါကစပြီးတော့ တင်တဲ့ဈေးပေါ့နော်။ ကြမ်းခင်းဈေးသဘောမျိုး ဖြစ်တော့ ကြမ်းခင်းဈေးချင်းမတူရင် သူက ညှိရတာပဲ။ ညှိဖို့ကတော့ ဘာလဲဆိုတော့ ဆွေးနွေးပွဲလိုတယ်၊ ဆွေးနွေးရင်းနဲ့ ကျနော်တို့က ယုံကြည်မှုရမယ်ပေါ့လေ။ ဒီနည်းကလွဲရင် တခြားနည်း ကျနော်တို့က မရှိဘူး။ အဲဒါလေး ပြောချင်ပါတယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့။ ကိုဇေယျာသူ ပြောတာက ယုံကြည်မှု တည်ဆောက်ဖို့ ပြောပါတယ်။ ဆရာအေးမောင်ကျော်လည်း နောက်ဆုံးအနေနဲ့ မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ ဆိုတာ ကြီးမားတဲ့ တာဝန်ဖြစ်တယ်ပေါ့နော်။ ကြီးလေးတယ်လို့တော့ မဆိုလိုဘူးလို့ ပြောတယ်။ နောက်တခုက ဒီဟာတွေကလည်း အချိန်ယူပြီး ဆက်လက်ဆွေးနွေးညှိနှိုင်းရမယ့် အစပဲ ရှိသေးတယ်။ Process တခုကို ဖွင့်လိုက်တဲ့ သဘောပေါ့။ အဲဒီတော့ တကယ်တမ်း ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို မျှော်လင့်နေတဲ့၊ ပြည်သူတွေ တကယ်မျှော်လင့်တဲ့ ငြိမ်းချမ်းမှုရအောင် အဓိက ဘယ်လိုအခြေခံတွေနဲ့ လုပ်ရမယ်ဆိုတာ ဆရာအေးမောင်ကျော်က နောက်ဆုံးအနေနဲ့ သုံးသပ်ပေးပါဦး ခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဓိကကတော့ ကျနော်မြင်တာက ပြည်သူလူထုကို မျက်နှာမူဖို့ လိုတယ်ပေါ့ဗျာနော်။ ဒါကတော့လည်း အမြဲတမ်း ပြောနေကျစကား ဖြစ်တယ်။ ဒါပေမယ်လို့ ဒါ အရမ်းအရေးကြီးပါတယ်။ လူထုကို စိတ်ပျက်မသွားစေဖို့ပေါ့ဗျာနော်။ ဘာလို့လဲဆိုတော့ လူထုက အရမ်းမျှော်လင့်ချက် ထားတာကိုး။ အခု ကျနော်တို့ တွေ့နေရတဲ့ ပင်လုံညီလာခံ ထောက်ခံပွဲတွေ ဘာတွေဆိုတာက အများစုက ကိုယ့်တက်ကြွမှုနဲ့ကိုယ် တနိုင်ငံလုံးက ပါလာကြတာလေ။ အရင်တုန်းကလို အတင်း တအိမ်တယောက် မလာမနေရ ဆိုတာမျိုး မဟုတ်ဘူးဗျ။ ဆိုတဲ့အခါကျတော့ လူထုရဲ့ မျှော်လင့်ချက်က အရမ်းကြီးမားပါတယ်။ အဲဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေလည်း လေးနက်ဖို့လိုတယ်လို့ ထင်တယ်။ နောက်တခုက ကျန်တဲ့ နယ်ပယ်အသီးသီးပေါ့နော်။ တပ်မတော်ရော၊ အစိုးရဘက်ကရော အားလုံး လေးနက်ဖို့တော့ လိုတယ်လို့ ထင်တယ်။ ပြောနေတာတွေ သိပ်များနေပြီပေါ့ဗျာ။ လူထုက အရမ်းခံစားရတယ်။ တကယ်တမ်းတော့ အခံစားရဆုံးက လူထုပဲ။ တပ် ၂ တပ် တိုက်ကြတယ်ဆိုရင် တပ်၂ တပ်က အင်အားမှာ လေးငါးထောင်စီ ရှိတယ် ဆိုပါတော့။ အနှစ် သုံးလေးဆယ် တိုက်လည်း အဲဒီ လေးငါးထောင်က လျော့သွားတာ မဟုတ်ဘူး။ ကြားမှာ လူထုက သေသွားတာ ငါးထောင်လောက် ရှိလိမ့်မယ်။ တသောင်းလောက်လည်း ရှိနိုင်တယ်။ ဘ၀ပျက်သွားတာက သိန်းနဲ့ချီ ရှိနိုင်တယ်။ ဆိုတဲ့အခါကျတော့ အဲဒါကို တကယ်တမ်း လေးနက်ဖို့ဆိုတာ ကျနော်တို့က ပါးစပ်နဲ့ပဲ ပြောနိုင်တယ်ပေါ့ဗျာ။ တကယ်တမ်း လေးနက်ဖို့ ဆိုတာက သူတို့ကိုယ်တိုင် စဉ်းစားရမှာ ဖြစ်တယ်။ အဲဒီတော့ ဒီအခြေခံပေါ်ကနေ ကျနော်တို့က ဆက်လက်ပြီးတော့ ညှိနှိုင်းကြမယ်ဆိုရင် ကျနော် ထင်တာက ပိုပြီးတော့ ပြေလည်စရာရှိမယ်လို့ ကျနော်ထင်တယ်။"
4 years Ago
Up