၂၁ ရာစုပင်လုံညီလာခံ

A d v e r t i s e m e n t With Us

May 28, 2017

အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့ဆက်မဆွေးနွေးဘဲရပ်ဆိုင်းတာ- ခွန်မြင့်ထွန်း (ရုပ်သံ) ဒီဗွီဘီ

  ခွဲမထွက်ရဆိုတဲ့ စကားရပ်ကိုလက်ခံပေးလိုက်ရင် တိုင်းရင်းသားတွေရဲ့ သိက္ခာကို အနည်းနဲ့အများထိပါးတာတွေ ခံစားရတာကြောင့်   အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့ ဆက်လက်မဆွေးနွေးပဲ  အစည်းအဝေး ရပ်ဆိုင်းရတာလို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ၂၁ရာစု ပင်လုံညီလာခံဒုတိယအကြိမ်အစည်းအဝေး ပဉ္စမနေ့ UPDJC အစည်းအဝေးမှာ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်အပေါ်  သဘောတူညီချက် မရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့  တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့ဘက်က UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။ ပြောကြားချက်အပြည့်အစုံ “ပေါင်းစည်းရေးဆိုရင်တော့ ခွဲမထွက်ဘူးဆိုတဲ့ဟာကို ပြောရမှာ ခက်ခဲမှာမဟုတ်ဘူးလို့ ဒါ တဖက်က မြင်တာပေါ့လေ၊ အစိုးရဘက်က တပ်မတော်ဘက်က။ ကျတော်တို့ တိုင်းရင်းသားတွေ ကျတော့ ခွဲထွက်ဖို့ဆိုတဲ့ဟာ ကျနော်တို့က ဘယ်တုန်းကမှ ပြောခဲ့တာမရှိဘူး။ ဘယ်တုန်းကမှလဲ လုပ်ခဲ့တာမရှိဘူး။ လုပ်ခဲ့တာ၊ ပြုခဲ့တာမရှိတော့ ဒီစာသားကို ထည့်တာကတော့ ကျနော်တို့ အမြင်မှာ ထည့်စရာမလိုဘူးလို့ မြင်တယ်။ ခံစားပုံခံစားချက်ချင်း မတူကြတာ။ ဒါကြောင့် ကျနော်တို့က တသက်လုံးမခွဲဘူးလို့ ပြောတာထက် တသက်လုံး အတူပေါင်းမယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့စကားကို ကျနော်တို့ ဆက်လက်ရှာဖွေဖို့ လိုပါတယ်။ မခွဲတာက အတူတူပဲ။ ခွဲမထွက်ရဆိုတဲ့စကားမျိုးကို ကျနော်တို့က လက်ခံပေးလိုက်ရင် ကျနော်တို့မှာ မိမိတို့ရဲ့ သက်ဆိုင်ရာ သမိုင်းကြောင်းနဲ့ တိုင်းရင်းသားများရဲ့ သမိုင်းကြောင်းရှိတယ်၊ ပင်လုံရဲ့ သမိုင်းကြောင်းရှိတယ်။ အဲသမိုင်းကြောင်းမှာ ကျနော်တို့ မိမိတို့ရဲ့သိက္ခာကို အနည်းနဲ့အများ ထိပါးတာတွေ ခံစားရတာတွေ ရှိတယ်။ အဲဒါကြောင့် အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့အတွက် ဆက်လက်မဆွေးနွေးပဲ ရပ်ဆိုင်းရတာဖြစ်ပါတယ်။” “ပြည်ထောင်စုက ခွဲမထွက်ဖူးဆိုတာကို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပအိုဝ့်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ ခွဲမထွက်ဘူးဆိုတဲ့ဟာကို အာမခံချက် တစ်ရပ်အနေနဲ့ ကျနော်တို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူပဲ အချို့သော ပြည်နယ်တိုင်းကလည်းဘဲ ပဲခူးတို့၊ တနင်္သာရီတို့ကလည်း ခွဲမထွက်ဘူးဆိုတဲ့ စကားရပ်ကို သူတို့လက်ခံပါတယ်၊ သို့သော် ကျနော်တို့ အားလုံး ပြန်ပြီးညိနှိုင်းတဲ့အခါမှာကျတော့ ခွဲမထွက်ကြဘူးဆိုတဲ့ဟာကို  အာမခံချက်ပေးဖို့လိုတယ်၊ သို့သော်   စကားလုံးအရတော့ အားလုံးလက်ခံနိုင်မယ့်၊ အားလုံးကျေနပ်နိုင်မယ့် သိက္ခာရှိမယ့် စကားရပ်ကို ရွေးချယ်ဖို့ လိုပါတယ်”
4 years Ago

ခွဲထွက်ခွင့်မရှိရ စကားလုံးအပေါ် ၂၁ရာစု ပင်လုံညီလာခံတွင် သဘာတူညီမှုရနိုင်ဖွယ်ရှိ

  ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ အငြင်းပွားနေတဲ့ ခွဲထွက်ခွင့်မရှိရဆိုတဲ့ စကားလုံးနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ သဘောတူညီမှုရရှိနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။ လက်ရှိနေပြည်တော်မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ကဏ္ဍငါးခုကို အစုအဖွဲ့အလိုက် ဆွေးနွေးသဘောတူညီချက်တွေထဲက ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်ကြောင့် မနေ့က  UPDJC အစည်းအဝေးကို ရွှေ့ဆိုင်းပြီး ညနေပိုင်းကနေ ည ၇ နာရီခန့်အထိ နိုင်ငံရေးဆွေးနွေးမှု ဦးဆောင်အဖွဲ့တွေ ညှိနှိုင်းနေကြတာဖြစ်တယ်ပါတယ်။ အဓိက ခွဲထွက်ပိုင်ခွင့်မရှိရဆိုတဲ့ စကားလုံးနဲ့ပတ်သက်ရင် ဒီစကားလုံးအပေါ်မှာ ဘယ်လို နှစ်ဖက်သဘောတူညီချက်ရအောင် ကြိုးစားမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းကြတာလို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။ “ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားနဲ့ပတ်သက်လို့ တိုင်းရင်းသား အားလုံးကတော့ NCA ကို လက်မှတ်ရေးထိုးစဉ်က ဒို့တာဝန်အရေးသုံးပါးကို လက်ခံပြီး လက်မှတ်ရေးထိုးခဲ့ပြီးသား ဖြစ်ပါတယ်။ နောက်ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့အချက်ကို လက်ခံခဲ့တာကိုက ခွဲမထွက်ဘူး ဆိုတာကို ပြောရာရောက်တယ်။ဒါကြောင့် ခွဲထွက်ခွင့်မရှိရဘူးဆိုတဲ့ စကားထပ်ပြောစရာ မလိုဆိုတဲ့ အယူအဆမှာလည်း ရှိပါတယ်။ တစ်ဖက်ကလည်း အထူးသဖြင့် တပ်မတော်ဘက် ကလည်းပဲ ဖက်ဒရယ်စနစ်ကို လက်ခံတယ်ဆိုရင် ဖက်ဒရယ်ဆိုတာ ပေါင်းစည်းရေးဖြစ်တယ်ဆို လို့ရှိရင် ခွဲထွက်ခွင့်မရှိစေရ ဆိုတဲ့ စကားကို ပြောတာ ဘာမှအခက်အခဲမရှိဘူးပေါ့၊ ဒီအပြင် ဒါကို အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကျနော်တို့တွေက ပြည်ထောင်စုထဲက ခွဲထွက်ဖို့ဆိုတာ ဒီကာလမှာ ဘယ်သူမှလည်း ပြောတာမရှိသလို ဒို့တာဝန်အရေးသုံးပါးမှာပါတဲ့ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့အချက်ကို လက်ခံထားပြီးသားဖြစ်တယ်။”လို့ပြောပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့လည်း ခွန်မြင့်ထွန်းက ပြောပါတယ်။ “တသက်လုံးမခွဲဘူးလို့ ပြောတာနဲ့ တသက်လုံးအတူပေါင်းမယ်ဆို ဒါအတူတူဖြစ်တယ်။ positeve အနေနဲ့ စကားရပ်ကို ဘယ်လိုပြောမလည်းဆိုတဲ့ဟာကို ဘယ်လိုပေါင်းမယ်ဆိုတဲ့ ဟာကို ပြောဖို့အတွက် စကားလုံးတွေကို အပြန်အလှန်ညှိနေတာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေး ညှိနှိုင်းချက်တွေအရတော့ နှစ်ဖက်သဘောတူညီချက်ရနိုင်မယ့် အခြေအနေမျိုးပါ။ တော်တော်လေးကို ရာခိုင်နှုန်းအားဖြင့် ကောင်းနေပါပြီ” ဒီအချက်ကို ဒီကနေ့  ပြုလုပ်မယ့် UPDJC အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ပြီး ၂၉ ရက်နေ့ ပင်လုံညီလာခံနောက်ဆုံးနေ့မှာ အတည်ပြုချက်ရယူမှာဖြစ်တယ်လို့ သိရပါတယ်။
4 years Ago

May 27, 2017

၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့ ကျင်းပမည့် အချိန်ရွှေ့ဆိုင်း

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မနက်ဖြန်မနက် ကျင်းပမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။ ဒီနေ့ နေ့လယ် ၂ နာရီမှာ UPDJC အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားပေမယ့် မပြုလုပ်ဖြစ်တော့တဲ့အကြောင်း ဦးဇော်ဌေးက အခုလို ပြောတာပါ။ “အဓိက တစ်ချက်ကို PPST ခေါင်းဆောင်တွေ ညနေပြန်ထိုင်မယ်။ အဲဒါပြီးမှာပဲ UPDJC လုပ်လို့ရမှာ။ ဆိုတော့ UPDJC ကို မနက်ဖြန်မနက် ၉ နာရီ ရွှေ့လိုက်မယ်။ ညီလာခံကို နေ့လယ်ပိုင်းရွှေ့လိုက်မယ်။ PPST ခေါင်းေ်ဆာင်တွေက ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့က အခုပြန်သွားပြီ။ ဒီည သူတို့ ပြန်ထိုင်ဦးမယ်။” ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။
4 years Ago
More News
Up