(၂၁)ရာစုပင်လုံ

August 16, 2020

ငြိမ်းချမ်းရေးညီလာခံတွင် သတင်းယူမည့် သတင်းသမားများကို ကိုဗစ်-၁၉ ဆေးစစ်

စတုတ္ထအကြိမ်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ အစည်းအဝေးမှာ  သတင်းယူခွင့်ရတဲ့ သတင်းသမားတွေကို ဒီနေ့မနက်က  နေပြည်တော်ရှိ စည်ပင်ရိပ်သာမှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဆေးစစ်ဆေးမှု ပြုလုပ်ပါတယ်။ ညီလာခံကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး သတင်းသမား ၂၇ ဦး သတင်းယူခွင့်ရရှိထားပါတယ်။ Photo - Kaung Mrat Naing / MPA
1 year Ago

August 13, 2020

၂၁ ရာစု ပင်လုံညီလာခံတက်ရန် မြောက်ပိုင်းအဖွဲ့များ တရားဝင် အကြောင်းမပြန်သေး 

နေပြည်တော်မှာ အခုလအတွင်းကျင်းပမယ့်  စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံကို တက်ရောက်ဖို့အတွက် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေထံကနေ  တရားဝင်အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ၂၀၁၈ခုနှစ်အတွင်းက နောက်ဆုံးပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အခု ဩဂုတ် ၁၉ ရက်နေ့က စတင်ပြီး နေပြည်တော် ရှိ MICC 1 နဲ့ MICC 2 တို့မှာ ပြုလုပ်တော့မှာပါ။ ဒီညီလာခံကို တက်ရောက်ဖို့အတွက် အေအေအဖွဲ့က လွဲပြီး ကျန်မြောက်ပိုင်းအဖွဲ့တွေကို အစိုးရဖိတ်ကြားထားခဲ့ပေမယ့် ဩဂုတ် ၁၂ ရက်အထိ KNPP တစ်ဖွဲ့ထဲသာ ညီလာခံမတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ထားပြီး မြောက်ပိုင်းအဖွဲ့တွေဆီကတော့ တက်/မတက် မသိရသေးဘူးလို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ “ကျနော်တို့ကို တရားဝင်စာနဲ့အကြောင်းပြန်လာတာက KNPP သူတို့မှာလည်း အခက်အခဲတွေ၊ ကိုဗစ်ကာလသူတို့ရဲ့ လျာထားချက်တွေရှိတယ်။ အဲ့တာကြောင့် KNPP အနေနဲ့ ဒီအစည်းအဝေးတော့ တက်ရောက်နိုင်ခြင်းမရှိကြောင်းဆိုပြီး ပြန်ကြားလာတာရှိတယ်။ ဒါကတော့ တရားဝင်ပြန်ကြားတာပါ။ ကျန်တဲ့အဖွဲ့တွေကတော့ ကျနော်တို့ဆီ တရားဝင် အကြောင်းပြန်တာမရှိသေးဘူး”လို့ ဩဂုတ် ၁၂ ရက်က ပြုလုပ်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးအပြီးမှာ ပြောပါတယ်။ ပင်လုံညီလာခံကိုတက်ရောက်ဖို့နဲ့ပတ်သက်ပြီး အေအေကို ဖိတ်ကြားခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးသွားနိုင်တယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ပြောကြားထားခဲ့ပြီး ညီလာခံ တက်/မတက်နဲ့ ပတ်သက်ပြီး ပန်ဆန်းမှာ အစည်းအဝေးတစ်ခု ပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago
Up