၂၀၂၂ ခုနှစ်

October 2, 2020

နာမည်ကြီး Avatar 2 ရုပ်ရှင်ရိုက်ကူးမှု ပြီးစီး၊ လာမည့် ၂၀၂၂ ခုနှစ် ရုံတင်နိုင်မည် (ရုပ်သံ)

နာမည်ကြီး ဟောလိဝုဒ်နောက်ဆက်တွဲ ရုပ်ရှင်ကားတကားဖြစ်တဲ့ Avatar 2 ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေဟာ ပြီးစီးသွားခဲ့ပြီဖြစ်ကာ ရုံတင်ရက်ကိုတော့ လာမယ့် ၂၀၂၂ ခု နှစ်မှာ ပြသသွားဖို့ လျာထားတယ်လို့ သိရပါတယ်။ 20th Century Studios က ထုတ်လုပ်လိုက်တဲ့ ဒီကားဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ Avatar ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အရင်ရုပ်ရှင်ကားရဲ့ ပဲ့ကိုင်ရှင် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ James Cameron ကပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၂၅၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ထဲမှာတော့ အရင်ကားထဲက သရုပ်ဆောင်တွေဖြစ်ကြတဲ့ Sam Worthington, Zoe Saldana, Stephen Lang, Giovanni Ribisi, Joel David Moore တို့အပြင် နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kate Winslet, Cliff Curtis, Edie Falco, Brendan Cowell, Michelle Yeoh, Jemaine Clement နဲ့ Vin Diesel တို့ကလည်း ပါဝင်လာခဲ့ကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို အခုနှစ်အစောပိုင်းကတည်းက နယူး ဇီလန်နိုင်ငံမှာ ရိုက်ကူးနေခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်၊။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ကိုဗစ်ကင်းစင်ကြောင်း ကြေညာချက်နဲ့အတူ ရိုက်ကူး ရေးလုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မူလက ရုံတင်ပြသဖို့ ရည်ရွယ်ထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ တနှစ်ထပ်ပြီး ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထပ်မံပြီးတော့ Avatar 3 ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို နယူးဇီလန်မှာပဲ ဆက်လက်လုပ်ကိုင်နေပြီး စီးရီးစ်တွေအဖြစ် Avatar 4 နဲ့ Avatar 5 အထိ ဆက်တိုက်ရိုက်ကူးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ အဆိုပါ နောက်ဆက်တွဲ ရုပ်ရှင်စီးရီးစ်တွေကိုတော့ ၂၀၂၄၊ ၂၀၂၆ နဲ့ ၂၀၂၈ ခုနှစ်တွေမှာ ဆက်တိုက်ရုံတင်ပြသနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ပထမဆုံးသော Avatar ရုပ်ရှင်ကတော့ Box Office မှာ ရုံတင်ဝင်ငွေ ၂ ဒဿမ ၇၉ ဘီလီယမ်ထိ ရရှိထားပြီး ကမ္ဘာတလွှား ပရိသတ်တွေ လက်ခံအားပေးမှု ရရှိခဲ့တာမို့ နောက်ထပ် ထွက်ရှိလာမယ့် ရုပ်ရှင်တွေကိုလည်း အားလုံးက စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။
7 months Ago
Up