ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မပြေလျော့သွားရင်တောင်မှ လာမယ့်နှစ်မှာ တိုကျိုအိုလံပစ် ပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ပွဲကျင်းပရေးကော်မတီအကြီးအကဲက ရိုက်တာကို ဇူလိုင်လ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
တိုကျိုအိုလံပစ်ပြိုင်ပွဲကို မူလတုန်းက ဇူလိုင်လ ၂၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကပ်ရောဂါကြောင့် ၂၀၂၁ ကိုရွှေ့ဆိုင်း လိုက်တာပါ။
အဲဒီကတည်းက ပွဲစီစဉ်သူတွေဟာ ဆယ်စုနှစ် တစ်ခုနီးပါး စီစဉ်ထားတဲ့ အိုလံပစ်ပြိုင်ပွဲကို လာမယ်နှစ် ကျင်းပရာမှာ အားကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ အားပေးသူတွေ အန္တရာယ် ကင်းစေဖို့ ပြန်စီစဉ်နေပါတယ်။
“လာမယ့်နှစ်မှာ ဗိုင်းရပ်စ် အန္တရာယ် လျော့ကျနိုင်တယ် မျှော်လင့်ထားပေမယ့် အခြေအနေ ဘယ်လိုဖြစ်မလဲ ဘယ်သူမှ မသိနိုင်ဘူး”လို့ ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုရှီရိုမူတိုက ပြောပါတယ်။
တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းတာက ပွဲစီစဉ်သူတွေကို ကုန်ကျစရိတ် ပိုမိုတိုးစေ ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီက ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ဂျပန်အစိုးရဘက်ကတော့ ကိန်းဂဏန်းအတိအကျကို ပြောဆိုဖို့ရာ မလိုလားဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago