၂၀၂၁ ဂင်းနစ်မှတ်တမ်းစာအုပ်

September 17, 2020

၂၀၂၁ ဂင်းနစ်မှတ်တမ်းစာအုပ် ဗြိတိန်ရှိ စတိုးဆိုင်နှင့် အွန်လိုင်းက မိတ်ဆက်

ကမ္ဘာ့ဂင်းနစ်မှတ်တမ်း ၂၀၂၁ စာအုပ်ကို စက်တင်ဘာ ၁၇ ရက်မှာ ဗြိတိန်က စတိုးဆိုင်တွေနဲ့ အွန်လိုင်းကနေ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။  အဲဒီစာအုပ်မှာ ကမ္ဘာ့အရပ်အပုဆုံး ဘတ်စ်ကား ဒရိုင်ဘာ၊ ဆိုင်ကယ်ကို အမြန်ဆုံးမောင်းပြီး ကင်းမြီးကောက်ထောင်ပြတဲ့ စတန့်သမား ၊ 'the Boys' လို့ ခေါ်တဲ့ ဖရက်ဒီနဲ့ ဖရန်ကီ ကြွက် နှစ်ကောင်ရဲ့ ပြကွက်ဆန်းတွေ ၊ ရိုလာစကိတ် စီးပြီး စက္ကန့် ၃၀ အတွင်း ၁၄၇ ကြိမ် ကြိုးခုန်ခဲ့သူ၊ Funko Pop အရုပ်ပေါင်း ငါးထောင်ကျော် စုဆောင်းသူတွေ ပါဝင်ပါတယ်။  ပထမဆုံးအင်္ဂလန်တောင်ပိုင်းက ဖရန့်ဖီး-ဟက်ချမ်ဟာ အရပ်  ၄ ပေခွဲသာရှိတဲ့ ကမ္ဘာ့အရပ် အပုဆုံး ဘတ်စ်ကားဒရိုင်ဘာအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။  ဟမ်းရှိုင်းယားနယ်ကပဲ  ဆိုင်ကယ်စတန့်သမား မာကို ဂျော့ချ်ကတော့  တစ်နာရီ ၇၆ မိုင်နှုန်း မောင်းနေတဲ့ ဆိုင်ကယ်ပေါ်မှာ ကင်းမြီးကောက်ထောင်ပြီး ဂင်းနစ်မှတ်တမ်းကို ရယူခဲ့ပါတယ်။ ဖရက်ဒီနဲ့ဖရန်ကီ ကြွက်နှစ်ကောင်ကတော့ ဟတ်ဒ်ဖို့ဒ်ဖိုင်းယားက အရင် ကြွက်နှစ်ကောင်ရဲ့ ပြကွက်ဆန်း စံချိန်ကို ချိုးပြီး  ဂင်းနစ်မှတ်တမ်း ဝင်သွားတာပါ။  အိန္ဒိယက  ဂင်းနစ်များစွာပိုင်ရှင် ဇိုရာဝါဆင်းကတော့ ရိုလာစကိတ်စီး ကြိုးခုန်တဲ့ သူရဲ့ အရင်စံချိန်ကိုပဲ ချိုးပြီး ဂင်းနစ်မှတ်တမ်းမှာ စာရင်းဝင်ခဲ့ပါတယ်။  အမေရိကန်နိုင်ငံသား ပစ္စည်းစုဆောင်းသူ ပေါ်လ်စကာဒီနိုကတော့ Funko Pop အရုပ်ပေါင်း ၅,၃၀၆ ရုပ်ကို အများဆုံး စုဆောင်းထားပြီး ဂင်းနစ်စာရင်းဝင်ခဲ့တာပါ။  ကမ္ဘာ့ဂင်းနစ်မှတ်တမ်း ၂၀၂၁ စာအုပ်မှာ ကမ္ဘာတဝှမ်းက ဂင်းနစ် မှတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေရဲ့ ထူးထူးခြားခြားအစွမ်းတွေကို အခန်း ၁၂ ခန်းခွဲ တင်ဆက်ထားတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
1 year Ago
Up