၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ ရှိမည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြု

November 6, 2019

၂၀၂၀ ရွေးကောက်ပွဲတွင် မြင်တွေ့ရမည့် ပါတီသစ်များ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ ၂၀၁၉ အောက်တိုဘာလကုန်ထိ တည်ဆဲနိုင်ငံရေးပါတီ စုစုပေါင်း ၉၆ ပါတီရှိသည်။ အဆိုပါ ပါတီများအနက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ခွင့်ပြုခဲ့သည့် ပါတီအသစ်၂၂ ပါတီလည်း ပါဝင်သည်။ ယင်း ၂၂ ပါတီအနက် ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသဖြင့် ရွေးကောက်ပွဲဥပဒေအရ ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ လက်ရှိအချိန်အထိ ပါတီအသစ်များ၏ ရုံးချုပ်ရှိရာ နေရာများကိုဖော်ပြရလျှင် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယား၊ ရှမ်း၊ မွန် စသည့် တိုင်းနှင့် ပြည်နယ်တို့တွင် ၁ ပါတီစီ၊ ရခိုင်ပြည်နယ်တွင် ၂ ပါတီ၊ ကချင်ပြည်နယ်နှင့် နေပြည်တော်တို့တွင်  ၃ ပါတီစီနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၇ ပါတီထိ ရှိသည်။  (ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပါတီအသစ်များ၏ ရုံးချုပ်တည်နေရာ)   ပါတီအသစ် ၂၁ ပါတီတွင် တိုင်းသားအခြေပြုပါတီ ၁၂ ပါတီနှင့် အခြားပါတီ ၉ ခုပါဝင်ပြီး ရွေးကောက်ပွဲတွင် ပြည်ထောင်စုတဝန်းလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၁၆ ပါတီရှိကာ  ကျန်ပါတီ ၅ ပါတီသည် ၎င်းတို့၏ သက်ဆိုင်ရာ ဒေသအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေပါသည်။  တိုင်းရင်းသားအခြေပြုပါတီတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ၀ ၊ နာဂ စသည့် တိုင်းရင်းသားပါတီများ ပါဝင်ကြသည်။ ထူးခြားချက်အနေဖြင့် အဆိုပါ တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ပြည်နယ်တွင်ရှိသည့် နိုင်ငံရေးပါတီများအချင်းချင်း စုပေါင်းကာ ပြန်လည်ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်သည်။
2 years Ago

November 5, 2019

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ ရှိမည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြု

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ ရှိတော့မှာမဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရသူက အတည်ပြုပြောပါတယ်။ ၅ ကြိမ်မြောက်ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေမှာ ဆန္ဒမဲပေးတဲ့ အခန်းကဏ္ဍကို အစားထိုးဖြည့်စွက်လိုက်တာပါ။ ကော်မရှင်ပြောခွင့်ရသူ ဦးမြင့်နိုင်က “နည်းဥပဒေမှာ ပါတဲ့ အတိုင်းပါပဲ။” လို့ ဒီဗွီဘီကို ပြောပါတယ်။ နည်းဥပဒေ၊ အခန်း ၁၀၊ ဆန္ဒမဲပေးခြင်း၊ နည်းဥပဒေ ၃၉ မှာ အရင်ကဆိုရင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲပေးမယ့်သူဦးရေကိုလိုက်ပြီး မဲရုံတွေ လိုအပ်သလို သတ်မှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။ အခုတော့ ကော်မရှင်ရဲ့ တာဝန်ပေးချက်နဲ့အညီ တပ်မတော်သားတွေနဲ့ သူတို့နဲ့ အတူ နေထိုင်ကြတဲ့ အိမ်ထောင်စုဝင်တွေ နေထိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် မဲရုံနေရာ သတ်မှတ်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုထဲက မဲဆန္ဒရှင်တွေနဲ့အတူ ဆန္ဒမဲပေးနိုင်ဖို့ ၊ ပွင့်လင်းမြင်သာမှုရှိစေဖို့၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ စတဲ့သူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မယ့် အဲဒီ တပ်ရင်း တပ်ဖွဲ့ရဲ့ အပြင်ဘက် သင့်တော်တဲ့ နေရာမှာ သတ်မှတ်ပေးရမယ်လို့ အစားထိုး လိုက်တာပါ။ ဒါ့အပြင် အရင်ကနည်းဥပဒေမှာ ကြိုတင်မဲပေးမယ့် မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သား တွေနဲ့ အတူနေ အိမ်ထောင်စုဝင်တွေအတွက် သက်ဆိုင်ရာ တပ်ဖွဲ့မှာ တာဝန်အရှိဆုံးသူက စီစဉ်ပေးတဲ့ နေရာမှာ မဲပေးရမယ်လို့ ပြဋ္ဌာန်းထားပြီး အခုတော့ ကော်မရှင်က သတ်မှတ်ပေးတဲ့ နေ့ရက်နဲ့ အချိန်အတွင်းမှာ သက်ဆိုင်ရာ တပ်ဖွဲ့မှာ တာဝန်အရှိဆုံးသူက စီစဉ်ပေးတဲ့ နေရာမှာ မဲပေးရမယ်လို့ အစားထိုး ပြင်ဆင်လိုက်ပါတယ်။ ကြိုတင်ဆန္ဒမဲပေးမယ့် မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားတွေနဲ့ အတူနေ အိမ်ထောင်စုဝင်တွေနဲ့ ပတ်သက်လို့လည်း ကော်မရှင် ရုံးခွဲတွေမှာ ကြေညာကပ်ထားဖို့ အစားထိုး ပြင်ဆင်ထားပါတယ်။ ဆန္ဒမပြုခင်မှာ အကြောင်းကြောင်းကြောင့် မဲလက်မှတ် ပျက်စီးသွားရင်လည်း အသစ်ပြန်ထုတ်ပေးဖို့ အခု ပြင်ဆင်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးတော့ အရင်ကဆိုရင် ကိုယ့်ရဲ့ မဲဆန္ဒနယ်ထဲကနေ ရက်ပေါင်း ၁၈၀ အပြင်ကို ရောက်နေသူတွေဟာ ကိုယ့်ရဲ့ အမြဲတမ်းနေရပ်ကို မဲသွားမပေးချင်ဘူးဆိုရင် ရောက်နေတဲ့ နေရာမှာပဲ မဲပေးနိုင်အောင် စီစဉ်နိုင်ပြီး အခုတော့ ရက်ပေါင်း ၁၈၀ ဆိုတဲ့နေရာမှာ ရက်ပေါင်း ၉၀ လို့ အစားထိုးလိုက်ပါတယ်။ တပ်မတော်အနေနဲ့ အပြင်ထွက်ပြီး မဲပေးရရင် အခက်အခဲတွေရှိတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အခု နည်းဥပဒေ ၅ ကြိမ်မြောက် ပြင်ဆင်တာကို အောက်တိုဘာ ၃ ရက်ကတည်းက အမိန့်စာထုတ်ထားပါတယ်။
2 years Ago
Up