၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ

July 6, 2020

ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ ပြိုင်ပါမယ်၊ ...မတရားတာတော့ မလုပ်ဘူး - ဒေါက်တာဇော်မြင့်မောင်

နိုဝင်ဘာလ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ယှဉ်ပြိုင်သွားမယ်လို့ အာဏာရပါတီရဲ့ ဒုဥက္ကဋ္ဌ (၂)  ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဇူလိုင် ၅ ရက်က အန်အယ်လ်ဒီပါတီဌာနချုပ်(ရုံးခွဲ)ယာယီနေပြည်တော် ဖွင့်ပွဲအပြီးမှာ သတင်းထောက်တွေကို ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။  လက်ရှိအချိန်မှာ အာဏာရပါတီဖြစ်နေပေမယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး မတရားတာပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒေါက်တာဇော်မြင့်မောင်က "ငါတို့ဒီအခြေအနေရောက်နေပြီ။ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတာမရှိဘူး။ ကျနော်တို့ ဥပဒေအတိုင်းပဲ တင်မယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်တဲ့အတိုင်း လေးစားလိုက်နာမယ်။ ပြိုင်တဲ့အခါလည်း ဥပဒေ၊ နည်းဥပဒေတွေ အတိုင်းပဲ ပြိုင်ပါမယ်။ ကျနော်တို့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးတော့ မတရားတာတော့ မလုပ်ဘူး။ အဲ့တာတော့ သေချာတယ် " လို့ ပြောပါတယ်။ အခုဇူလိုင်လဆန်းပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ သမ္မတ၊ အတိုင်ပင်ခံတို့အပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ ပါတီစည်းရုံးရေးကိစ္စရပ်တွေကို စတင်ဆောင်ရွက်နိုင်တယ်လို့ ကြေညာချက်အပါအဝင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အချို့ကို အခြားနိုင်ငံရေးပါတီတွေက ဝေဖန်မှုတွေ ပြုလုပ်နေကြတာပါ။ ဒီအပေါ် ဒေါက်တာဇော်မြင့်မောင်က "ဒါက ခင်ဗျားတို့ သတိထားမိမှာပါ။ အရင်က ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွေနဲ့ အခု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တွေ ခင်ဗျားတို့ ယှဉ်ကြည့်လိုက်ပါ၊ အကုန်တူတူပဲ။ ပေးထားချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်အတိုင်းလုပ်လာတယ်။ အဲ့ဒီတော့ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့ကြတာပဲ။ အခုလည်း ကျနော်တို့ အဲ့ဒီအတိုင်းလုပ်တာပဲ၊ ဒါက ဘာလဲဆိုရင် ပေးထားချက်တွေကို အသုံးပြုတာပဲရှိတယ်။ အခွင့်အရေးယူတာ တခုမှမရှိဘူး" လို့ ရှင်းပြပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေထဲမှာ မဲဆန္ဒနယ် သတ်မှတ်မှုလည်း ပါဝင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ်အချို့မှာ ၂၀၁၅ နဲ့ မတူဘဲ ပြင်ဆင်ပြောင်းလဲထားခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
11 months Ago

July 1, 2020

၂၀၂၀ ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည်ဟု ကော်မရှင်ကြေညာ

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  ဒီကနေ့ ဇူလိုင် ၁ ရက်မှာ  သတ်မှတ်  ကြေညာလိုက်ပါတယ်။  လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်တွေရွေးကောက်တင်မြှောက်မယ့် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (က)၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တို့အရ ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို သတ်မှတ် ကြေညာလိုက်တာလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်မြေတွေအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဇူလိုင်လ ၂၀ ရက်ကစပြီး  ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံး ထားတင်သွင်းနိုင်တယ်လို့လည်း ကော်မရှင်က သီးခြား ထုတ်ပြန်ကြေညာထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းလိုပါက ဩဂုတ်လ ၁၀ ရက် နောက်ဆုံးထား ရုပ်သိမ်းနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းလွှာတွေကို ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ စိစစ်သွားမယ်လို့ သိရပါတယ်။  ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးရဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေဖို့ ဇူလိုင် ၁ ရက်ကစပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ  ဆောင်ရွက်ခွင့်ရှိကြောင်းလည်း  ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်တွေနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးနောက်ပိုင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။ PHOTO-UEC
11 months Ago
Up