၂၀၂၀ တိုကျိုအိုလံပစ်

March 24, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ တိုကျိုအိုလံပစ် တနှစ် ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ကို တနှစ် ရွှေ့ဆိုင်းမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC အဖွဲ့ဝင် ဒစ်ပေါင်က မတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။  ဒီနွေရာသီ တိုကျိုအိုလံပစ်ကို အားကစားအဖွဲ့ စေလွှတ်ဖွယ် မရှိဘူးလို့ ဗြိတိန်အိုလံပစ် ဥက္ကဋ္ဌ ပြောခဲ့ပြီးနောက်မှာ ဒစ်ပေါင်က ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ်မှာ သြစတြေးလျနဲ့ ကနေဒါတို့ကလည်း ပါဝင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ နိုင်ငံတကာအိုလံပစ်ကော်မတီ ရရှိတဲ့ သတင်းအချက်အလက်ပေါ် အခြေခံပြီး ပြိုင်ပွဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ IOC အဖွဲ့ဝင် ဒစ်ပေါင်က ယူအက်စ်အေတူဒေး သတင်းဌာနကို ပြောခဲ့ပါတယ်။  ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပဖြစ်၊ မဖြစ် ဆိုတာကို IOC က သီတင်း ၄ ပတ် အချိန်ယူပြီး ဆုံးဖြတ်သွားမှာပါ။ ဒါပေမဲ့ IOC အဖွဲ့ဝင် ဒစ်-ပေါင်ကတော့ မကြာခင် ဆုံးဖြတ်ချက်ကို ကြေညာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
1 year Ago

March 21, 2020

လူစုလူဝေး တားမြစ်သည့်ကြားမှ ဂျပန်နိုင်ငံသား ၅၀၀ ကျော် အိုလံပစ်မီးတိုင်သယ်ဆောင်မှု လာကြည့်

အိုလံပစ်မီးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲနဲ့ပတ်သက်ပြီး လူစုလူဝေးနဲ့ လာရောက်မကြည့်ရှုဖို့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး မတ်လ ၂၀ ရက်က ဂျပန်နိုင်ငံသား ၅၀၀ ထက်မနည်း မီးတိုင်သယ်ယူတာကို လာရောက် ကြည့်ရှုကြပါတယ်။ အိုလံပစ်မီးတိုင်ဟာ ၂၀၂၀ တိုကျိုအိုလံပစ်ကျင်းပမယ့် ဂျပန်မြေကို မတ်လ ၂၀ ရက် မနက်အစောပိုင်းက ရောက်လာခဲ့ပါတယ်။ အိုလံပစ်မီးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲကို မတ်လ ၂၆ ရက်မှာ စတင်မှာဖြစ်ပြီး ၂၀၁၁ ဂျပန်မြေငလျင်နဲ့ ဆူနာမီဖြစ်ခဲ့ရာဒေသတွေကို ဖြတ်သန်း သယ်ဆောင်သွားမှာပါ။  အိုလံပစ် မီးတိုင်သယ်ဆောင်ရာမှာ စီစဉ်သူတွေက လူတွေ လာမကြည့်ဖို့ မတားမြစ်ပေမယ့် လူစုလူဝေး မဖြစ်ဖို့တော့ ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။  အိုလံပစ်မီးတိုင်ကို လာကြည့်တဲ့ဒေသခံတယောက်ကလည်း “ဒီကို လာကြည့်ဖို့ ဆုံးဖြတ်တာက မကောင်းပေမယ့် နောက်တခါ အိုလံပစ်မီးတိုင်သယ်တာကို ကြည့်ရဖို့ဆိုတာ မသေချာဘူး”လို့ ပြောပါတယ်။ ဒါပေမဲ့ အီရှီနိုမာကီမြို့မှာတော့ ဂျပန်ပြည်သူတွေဟာ မေတ္တာရပ်ခံချက်တွေကို အလေးထားပုံမရဘဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့ကြားက ပွဲလမ်းသဘင်တွေကို လာရောက်ချင်နေကြပါတယ်။  အိုလံပစ်မီးတိုင်ကို Sandwichmen ဟာသသရုပ်ဆောင်တွေက ထွန်းညှိခဲ့ပေမယ့်  လေပြင်းတွေ တိုက်နေတာကြောင့် မီးထွန်းရာမှာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up