၂၀၁၈ ခုတွင် ဆော်ဒီအမျိုးသမီးများအား အားကစားရုံများသို့ ဝင်ကြည့်ခွင့်ပြုမည်

November 12, 2017

၂၀၁၈ ခုတွင် ဆော်ဒီအမျိုးသမီးများအား အားကစားရုံများသို့ ဝင်ကြည့်ခွင့်ပြုမည်

ဆော်ဒီအာရေဗီးယားနိုင်ငံက ၂၀၁၈ ခုနှစ်မှာ အမျိုးသမီးတွေကို အားကစားရုံတွေထဲ ဝင်ရောက်ကြည့်ရှုခွင့်ပြုတော့မယ်လို့ ကြေညာလိုက်ကြောင်း အင်ဒီပန်းဒန့်သတင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ အစ္စလာမ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက အမျိုးသား အမျိုးသမီးခွဲခြားထားတဲ့ စည်းမျဉ်းတွေကို အနည်းငယ် ဖြေလျှော့ပေးတာလို့ ဆိုပေမယ့် အားကစားရုံတွေကို လာရောက်ကြည့်ရှုမယ့် အမျိုးသမီးတွေက အမျိုးသားအုပ်စုရဲ့နေရာနဲ့ ခွဲထားတဲ့ မိသားစုများသာလို့ဆိုတဲ့ အပိုင်းမှာ ထိုင်ရမှာလို့ သိရပါတယ်။ အထွေထွေအားကစားရေးရာ အာဏာပိုင်က နောင်နှစ်မှာ အားကစားရုံထဲ မိသားစုများအတွက်ဆိုတဲ့ နေရာတွေ ထားရှိဖို့ ဆုံးဖြတ်တယ်လို့ ပြောလိုက်ပြီး မိသားစုဆိုတဲ့ အသုံးအနှုန်းက အမျိုးသမီးတွေအတွက် နေရာတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ အားကစားရုံတွေထဲက မိသားစုဆိုတဲ့ နေရာတွေက ယောက်ကျားလေး ဆွေမျိုးသားချင်းတွေနဲ့ အတူလာမယ့် ဒါမှမဟုတ် ကိုယ်ဘာသာ လာကြမယ့် အမျိုးသမီးတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင် အတော်များများမှာလည်း အမျိုးသမီးများအတွက် သီးသန့်ဝင်ပေါက်တွေ ထားကာ အမျိုးသမီးသီးသန့် ထိုင်ခုံနေရာတွေ ထားကြပါတယ်။ မြို့တော် ရီရာ့ဒ်နဲ့ ဂျစ်ဒါမြို့ ဒမ်မမ်မြို့တို့မှာရှိတဲ့ အဓိက အားကစားရုံကြီး ၃ ရုံကို မိသားစုနေရာဆိုတဲ့ အပိုင်းထည့်ဖို့ အားကစားရုံတွေကို ပြန်လည်ပြင်ဆင်နေတယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပြီး နောက်နှစ်မှာပဲ ဆော်ဒီအမျိုးသမီးတွေကို ပထမဦးဆုံးအကြိမ် ကားမောင်းခွင့်ပြုဖို့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူတွေက ကြိုဆိုပြီးနောက် အခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ပြန်လည်ပြုပြင်ရေး ဆုံးဖြတ်ချက်တွေကို လက်ရှိအာဏာရ မင်းသား မိုဟာမက်ဘင်ဆာမန်က တွန်းအားပေးခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့လကလည်း ရီရာ့ဒ်အားကစားရုံမှာ ပြုလုပ်တဲ့ အမျိုးသားနေ့ပွဲကို အမျိုးသမီးတွေကို တက်ရောက်ခွင့်ပြုလို့ ဆော်ဒီပြည်သူအများစုက အားကြိုးမာန်တက်ဖြစ်ခဲ့ကြပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံက စီးပွားရေးနဲ့ လူမှုရေးတွေ ပြန်လည်ပြုပြင်ဖို့ နိုင်ငံရဲ့ ၂၀၃၀ ခုနှစ် စိတ်ကူးအကောင်အထည်ဖော်မှုရဲ့ အပိုင်းအနေနဲ့  အလွန်အကျွံရှေးရိုးဆန်နေတဲ့ အစ္စလာမ်ဥပဒေအချို့ကို ဖြေလျှော့ချင်နေပုံရပြီး အဲ့ဒီပြုပြင်မှုတွေကနေ အမျိုးသမီး အလုပ်ခန့်ထားမှုနှုန်းကို ၂၂ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့လည်း ရည်မှန်းထားတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်းက အမျိုးသမီးရေး လှုံ့ဆော်ဆောင်ရွက်သူတွေကတော့ ဖခင် ခင်ပွန်းနဲ့ အကိုမောင်တွေ စတဲ့အမျိုးသား မိသားစုဝင်တွေ အုပ်ချုပ်ဖိနှိပ်တဲ့ စနစ်အတွင်း အမျိုးသမီးတွေကို စာသင်ခွင့်၊ ခရီးသွားခွင့် ဒါမှမဟုတ် အခြားနေ့စဉ်လှုပ်ရှားမှုတွေမှာ ခွင့်ပြုလာဖို့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ရတယ်လို့လည်း သိရပါတယ်။
3 years Ago
Up