၂၀၁၇ မလေးရှားဆီးဂိမ်းတွင် ဆုတံဆိပ်များ ရရှိရန် မြန်မာအားကစားအဖွဲ့များ ကြိုးပမ်း

January 18, 2017

၂၀၁၇ မလေးရှားဆီးဂိမ်းတွင် ဆုတံဆိပ်များ ရရှိရန် မြန်မာအားကစားအဖွဲ့များ ကြိုးပမ်း

လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ အားကစားအဖွဲ့ ၇ ဖွဲ့က ရွှေတံဆိပ်ဆုနဲ့ ကျန်အားကစားအဖွဲ့ ၁၂ ဖွဲ့က အခြားဆုတံဆိပ်တွေ ရရှိဖို့အတွက် အဓိကထား ကြိုးပမ်းလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းအောင်မြင်မှုထက် သာလွန်နိုင်ဖို့လည်း အဘက်ဘက်က ကြိုးစားနေတယ်လို့ အားကစားနှင့် ကာယာပညာ ဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ-၂ ညွှန်ကြားရေးမှူး ဗိုလ်ကြီးကျော်ဇင်မိုးက ပြောပါတယ်။ “ရွှေတံဆိပ်ရနိုင်မယ့် အားကစားနည်းတွေကို ပြောရရင် ဝူရှူး၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ မြားပစ်၊ တိုက်ကွမ်ဒို စသည်အားဖြင့် ဒီလိုအားကစားနည်းလေးတွေကို ကျနော်တို့က ရွှေတံဆိပ်ကို မျှော်မှန်းထားတယ်။ နောက် ဆုတံဆိပ်ရမယ့် အားကစားများ ဥပမာအားဖြင့် ဘော်လီဘောတို့ ပြေးခုန်ပစ်တို့ စသည်အားဖြင့် ဒီလို ဆုတံဆိပ်ရနိုင်မယ့် အားကစားတွေကိုလည်း ကျနော်တို့က ရနိုင်သလောက် အခြေအနေထိတော့ ဆွဲတင်ထားတာပေါ့။” တချို့အားကစားတွေဟာ ၂၀၁၅ နှစ်လောက်ကတည်းက အချိန်ယူ လေ့ကျင်ပြင်ဆင်နေကြတာပါ။ ဒါပေမယ့်လည်း အားကစားသမား မျိုးဆက်ပြတ်တဲ့ပြဿနာတွေ၊ ကစားသမားရှားပါးတဲ့ ပြဿနာတွေက မြန်မာအားကစားအဖွဲ့ အောင်မြင်မှုအတွက် နှောင့်နှေးစေတာပါ။ ပြိုင်ပွဲတိုင်းမှာ အရည်အသွေးနဲ့ အတွေ့အကြုံ မပြည့်သေးတဲ့ ကစားသမားတွေကို ထည့်သွင်းယှဉ်ပြိုင်ရသလို ဖြစ်နေခဲ့ပါတယ်။ “ကျနော်တို့ဘက်ကလည်း အဓိကအားနည်းလာတာက မျိုးဆက်သစ်၊ သူတို့ကို ကပ်ထားတဲ့ မျိုးဆက်သစ်ပေါ့။ အခု အရှေ့က အကြီးအဖွဲ့က တဆင့်ပြတ်ကုန်တဲ့အခါမှာ ခါးဆက်ပြတ်သွားတယ်လို့ ပြောလို့ရတာပေါ့။ အခု နောက်က ကလေးတွေက ဒီအပေါ်ကို မမီနိုင်သေးဘူး။ အဲတော့ အဲဒီကလေးတွေကို ကျနော်တို့က တင်ယူနေတဲ့အချိန်မှာ ကျန်ခဲ့တဲ့ဆီးဂိမ်း ပြိုင်သွားတာပေါ့” လို့ ဗိုလ်ကြီး ကျော်ဇင်မိုးက ဆက်ပြောပါတယ်။ ကစားသမားတွေဘက်ကလည်း အခက်အခဲတွေ အများအပြားရှိနေတယ်လို့ ပြောကြားထားပြီး နေထိုင်စားသောက်ရေးတွေထက် စပွန်ဆာပိုင်း အထောက်အကူပြု နည်းတာနဲ့ နည်းပြရှားပါးမှုတွေက အောင်မြင်မှုတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကပဲ အဓိကဖြစ်တယ်လို့ ပဏာမလက်ရွေးစင် တိုက်ကွမ်ဒိုကစားသမားတဦးက ပြောပါတယ်။ “အားကစားသမားတွေနဲ့လည်း ဆိုင်တယ်။ ထောက်ပံ့ပေးမှုနဲ့ စပွန်ဆာတွေနဲ့လည်း ဆိုင်တာပေါ့။ အားကစားသမားတွေ ဘယ်လောက်ပဲ လုပ်နေပါစေ၊ စပွန်ဆာပိုင်းက မတတ်နိုင်ရင်တော့ အားကစားသမားတွေရဲ့ စိတ်ဓာတ်တွေက မကြံ့ခိုင်နိုင်ဘူး။ နောက်ပြီးတော့ နည်းပြတွေလည်း လိုတယ်။ နည်းပြတွေလည်း တော်တော်များများ လိုအပ်တယ်။ မြန်မာနိုင်ငံမှာ နည်းပြနဲ့ အားကစားသမားတွေလည်း ရှားပါးလာတယ်။ ကိုယ့်ဘက်က ကြိုးစားဖို့လည်း လိုတာပေါ့။ အဓိကကတော့ အားကစားသမားနဲ့ပဲ ဆိုင်တာပေါ့။ ကိုယ့်ဘက်က ပိုကြိုးစားဖို့လိုပါတယ်။ ဘာလို့လဲဆို မြန်မာနိုင်ငံက အားကစားသမားနဲ့ တခြားနိုင်ငံက အားကစားသမား ယှဉ်လိုက်ရင် တော်တော်လေးကို အခြေအနေတွေက ကွာခြားနေပါတယ်။” မြန်မာအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူဆီးဂိမ်းမှာ ရွှေ ၁၂ ဆု၊ ငွေ ၂၆ ဆုနဲ့ ကြေး ၃၁ ဆု စုစုပေါင်း ဆုတံဆိပ် ၆၉ ခုပဲ ရရှိပြီးတော့ အာဆီယံ ၁၁ နိုင်ငံမှာ အဆင့် ၇ ပဲ ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အိမ်ရှင်ပြုလုပ်တဲ့အချိန်မှာတော့ ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနဲ့ ကြေးတံဆိပ် ၈၅ ဆု စုစုပေါင်းဆုတံဆိပ် ၂၃၃ ခုရရှိခဲ့ပြီး အဆင့် ၂ နေရာ ရရှိခဲ့ပါတယ်။ သတင်း - ထက်လူ
5 years Ago
Up