၂၀၁၆ အိုလံပစ်

September 15, 2015

၂၀၁၆ အိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ မြန်မာအသင်း ဂျော်ဒန်ကို အနိုင်ရ

စက်တင်ဘာ ၁၄ ရက်နေ့က မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ ဘရာဇီး အိုလံပစ် အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဂျော်ဒန်လက်ရွေးစင် အမျိုးသမီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအမျိုးသမီးအသင်းက ပွဲချိန်တော်တော်များများကို ဖိကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာ  ခင်မိုးဝေက သွင်းယူပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ ဂျော်ဒန်အသင်းက တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာက ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂျော်ဒန်က တန်ပြန် တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ မြန်မာအတွက် အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကို ၇၂ မိနစ်မှာ ဝေေ၀အောင် သွင်းယူပြီး အနိုင်ရသွားတာပါ။ ပထမကန်တဲ့ပွဲစဉ်မှာ တရုတ်တိုင်ပေအသင်းက ဗီယက်နမ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ လောလောဆယ် အုပ်စုတွင်းမှာ မြန်မာနဲ့ တိုင်ပေတို့  ၃ မှတ်စီ ရထားပါတယ်။
6 years Ago

September 14, 2015

၂၀၁၆ အိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ မြန်မာ - ဂျော်ဒန် ယနေ့ကန်မည်

ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်ကို ဒီကနေ့ စက်တင်ဘာ ၁၄ ရက်ကနေ ၂၂ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်နဲ့ တရုတ်တိုင်ပေအသင်းတို့ ပါဝင်ပြီး ၁ ရက် ၂ ပွဲနှုန်းနဲ့ ယှဉ်ပြိုင်ကစားမှာပါ။ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းဟာ ပွဲစဉ်အားလုံးကို ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒီကနေ့မှာ ဂျော်ဒန်၊ ၁၆ ရက်နေ့မှာ ထိုင်း၊ ၁၈ ရက်နေ့မှာ ဗီယက်နမ်နဲ့ ၂၂ ရက်နေ့မှာ တရုတ်တိုင်ပေ အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပွဲကြည့်လက်မှတ်တွေကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ပြီး ဗထူးကွင်းနဲ့ အားကာသိပ္ပံ (မန္တလေး) မှာ ရောင်းချသွားမှာဖြစ်ပြီး ရိုးရိုးတန်း ၁ စောင် ကျပ် ၂၀၀၀၊ အထူးတန်း ၁ စောင် ကျပ် ၃၀၀၀ နဲ့ ၁ ရက် ၂ ပွဲနှုန်း ကြည့်ရှုအားပေးနိုင်တယ်လို့  မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
6 years Ago
Up