၂၀၁၅ ခုနှစ် အပူဆုံးနှစ်ဖြစ်ဟု ကုလသမဂ္ဂ ထုတ်ပြန်

November 26, 2015

၂၀၁၅ ခုနှစ် အပူဆုံးနှစ်ဖြစ်ဟု ကုလသမဂ္ဂ ထုတ်ပြန်

အခုနှစ် ကမ္ဘာတ၀န်း ပျမ်းမျှအပူချိန်ဟာ မှတ်တမ်းတင်ခဲ့သမျှ နှစ်တွေထဲမှာ အပူပြင်းဆုံးနှစ် ဖြစ်တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အခုနှစ် အောက်တိုဘာလကုန်အထိ ရယူထားတဲ့ ရာသီဥတု ကိန်းဂဏန်း အချက်အလက်တွေအရ အခုနှစ် အပူချိန်ဟာ အရင်နှစ်ပျမ်းမျှအပူချိန်တွေထက် မြင့်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ အထိ မှတ်တမ်းတွေအရ အဲဒီနှစ် ၅ နှစ်ပျမ်းမျှ အပူချိန်ဟာလည်း မှတ်တမ်းရှိသမျှ အပူပြင်းဆုံး နှစ်အပိုင်းအခြား ဖြစ်တယ်လို့  ကမ္ဘာ့ရာသီဥတုအဖွဲ့ သုသေသနပညာရှင်တွေက ဆိုကြပါတယ်။ အခုလို အပူချိန် မြင့်တက်ရတာဟာ အခုနှစ်အတွင်း ဖြစ်ပေါ်တဲ့ အယ်လ်နီညို အပူလှိုင်းနဲ့ လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှု ၂ ခုပေါင်းကြောင့်လို့ ဆိုပါတယ်။ အခုနှစ် အပူချိန်ဟာ ၁၉၆၁ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ပျမ်းမျှအပူချိန်ထက် ၀ ဒသမ ၇၃ ဒီဂရီစင်တီဂရိတ် ပိုမိုပူပြင်းတယ်လို့ ကမ္ဘာ့ရာသီဥတုအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
7 years Ago
Up