၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ

February 27, 2020

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်သဖြင့်ပုဒ်မ ၅၉(စ) ကို ပြင်ရန် ကြိုးစားနေဟု ကြံ့ခိုင်ရေးအမတ်ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တဲ့အပေါ် စိတ်ခံစားချက်ထားပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီအမတ်  ဦးတင်အေးက ပြောပါတယ်။ ဖေဖေါ်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာမှာ မက်မန်းမဲဆန္ဒနယ်က  ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးတင်အေး လည်း ပါဝင်ဆွေးနွေးခဲ့တာပါ။ “အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားချက်ကို ရှေ့တန်းတင် ရမယ်ရှာ လက်ညှိးထိုး ဝေဖန်ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ် ” လို့ ဦးတင်အေးက ပြောဆိုပါတယ်။ ဦးတင်အေးရဲ့ ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်က လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်နာယကထံ တောင်းဆိုခဲ့ပါတယ်။ “ အန်ကယ့်မှာချစ်တာမုန်းတာမရှိဘူး။ နောက်ပြီးတော့ ဘယ်သူတွေကို ဘာဖြစ်တယ်ဆိုတဲ့ ဆန္ဒမရှိဘူး။ တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ဒီလိုကိစ္စမျိုးမှာ အပြန်အလှန် စွပ်စွဲပုတ်ခတ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်အောင် ပြောဆိုနေရမယ့်အချိန်မဟုတ်ဘူး။ အဲ့တာမျိုးက မဖြစ်သင့်ဘူး ” လို့ ဦးအောင်ကြည်ညွန့်က လွှတ်တော်အစည်းအဝေးအပြီး ဒီဗွီဘီကို ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေးရဲ့ဆွေးနွေးမှုကို ဦးအောင်ကြည်ညွန့်က ကန့်ကွက်ခဲ့သလို တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ဆွေးနွေးမှုထဲက စကားရပ်အချို့ကိုလည်း ပယ်ဖျက် ပေးဖို့ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးမျိုးဇော်ဦးက တောင်းဆိုခဲ့ပါသေးတယ်။ ပြည်ထောင်စုလွှတ်တော်နာယကကတော့ ဆွေးနွေးချက် လုံးကောက်တွေကို ပြန်လည်နားထောင်ပြီးမှ လွှတ်တော်မှတ်တမ်းက ပယ်ဖျက်သင့်မသင့်ကို ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
1 year Ago
Up