(၁-၀) ဂိုးဖြင့် ရှုံးနိမ့်

November 11, 2019

မြန်မာအမျိုးသမီးအသင်း တရုတ်ကလပ်အသင်းကို (၁-၀) ဂိုးဖြင့် ရှုံးနိမ့် 

ဆီးဂိမ်းစ် အကြိုပြင်ဆင်လေ့ကျင့်တဲ့အနေနဲ့ တရုတ်နိုင်ငံ ရောက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ တရုတ်အမျိုးသမီးလိဂ် ချန်ပီယံ Jiangsu Suning အသင်းနဲ့ မနေ့က ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာမှာ (၁) ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ တရုတ်အသင်းက မြန်မာအသင်းဘက်ကကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၂၆ မိနစ်မှာ  တရုတ်ကလပ်အသင်း တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ မာလဝီ နိုင်ငံသူ ချန်ဝင်ဂါရဲ့ တလုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မနေ့က ကန်သွားတဲ့ မြန်မာအသင်းမှာ  မြဖူးငုံ (ဂိုး) ၊ ခင်သန်းဝေ၊ ချစ်ချစ်၊ ခိုင်သဇင်၊ အိရတနာဖြိုး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ ရီရီဦး၊ မြတ်နိုးခင်၊ ဝင်းသိင်္ဂီထွန်း၊ ခင်မိုးဝေ တို့နဲ့ ပွဲထွက်ခဲ့ပြီး စန်းသော်သော်၊ နုနု၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ ဂျူလိုင်ကျော်၊ ဖြူဖြူဝင်းတို့ကို လူစား လဲလှယ်ကစားခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ကန်သွားတဲ့ Jiangsu Suning ကလပ်အသင်းဟာ ၂၀၁၉ တရုတ်အမျိုးသမီးဆူပါလိဂ်မှာ ချန်ပီယံဆုကို ရရှိထားတဲ့ အသင်းဖြစ်ပြီး တရုတ်လက်ရွေးစင်တွေနဲ့ နိုင်ငံခြားသား ကစားသမားတွေလည်း ပါဝင်ကစားသွားခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းဟာ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ၇ ရက်ကြာ လေ့ကျင့်နေတာဖြစ်ပြီး တရုတ်အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ထပ်ကစားဖို့ ရှိတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- MFF
3 years Ago
Up