၁ ဦး COVID-19

March 31, 2020

ထိုင်းကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း ၁ ဦး COVID-19 ကူးစက်ခံရ၊  ကျန်ဝန်ထမ်း ၃၀ ဦး စောင့်ကြည့်ခံရ 

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်း ၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရပြီး သူနဲ့ ပတ်သက်ခဲ့တဲ့ ၃၀ ဦးကိုလည်းစောင့်ကြည့်နေရတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန COVID-19 အခြေအနေပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဒေါက်တာ ထဝီးဆင် ဝိဆနုယိုးထင်းက ဒီကနေ့မနက် အစိုးရအိမ်တော် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါ ကျန်းမာရေးဝန်ထမ်းဟာ အသက် ၄၆ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး ကျန်းမာရေဝန်ထမ်းဆိုပေမယ့် အစိုးရအိမ်တော်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ ထွက်လိုက်ဝင်လိုက်သာလုပ်နေကြောင်း ၊ ဒါပေမယ့် အစည်းအဝေးတက်ရောက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ မတ် ၂၆ ရက်ကစပြီး နာမကျန်းတဲ့အခြေအနေ အနည်းငယ်စတင်တွေ့ရှိခဲ့ကြောင်း ၊ အခုတော့ ကူးစက်ခံရသူအဖြစ်အတည်ပြုပြီး ဆေးရုံမှာ တက်ရောက်ကုသမှုခံယူကာ သူရဲ့ မိသားစု ဝင်တွေကိုရော သူနဲ့အတူ အစည်းအဝေးအတူတက်ခဲ့သူ ပတ်သက်သူပေါင်း ၃၀ ကျော်ကို မိမိနေအိမ်မှာ အခြေအနေစောင့်ကြည့်ဖို့မှာကြားထားတယ်လို့ ဒေါက်တာ ဝိဆနုယိုးထင်းက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ဒီမတိုင်ခင်ကလည်း  ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၉ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ် ။  ရောဂါကူးစက်မှုကို ‌ေလျှာ့ချတဲ့အနေတဲ့ အစိုးရက မတ်လ ၂၆ ရက်မှာ အရေးပေါ်အခြေ အနေကြေညာပြီး ခရီးသွားလာမှုတွေ ကန့်သတ်ထားပေမယ့် ၅ ရက်ကြာလာတဲ့ထိ ကူးစက်သူအရေ အတွက် လျှော့မသွားဘဲ နေ့စဉ် ၁၀၀ ဝန်းကျင်လောက် တိုးပွါးနေပါတယ်။  ဒီကနေ့ မတ်လ ၃၁ ရက် ထုတ်ပြန်ချက်အရ နောက်ထပ်ကူးစက်ခံရသူပေါင်း ၁၂၇ ဦးရှိပြီး ၁ ဦးသေဆုံးသွားကြောင်း ၊ သေဆုံးသူမှာ တီးဝိုင်းအဖွဲ့ဝင် အသက် ၄၈ နှစ်ရှိ အမျိုးသားဖြစ်ပြီး  ဘန်ကောက် လုမ္ပဏီလက်ဝှေ့ရုံကို သွားရောက်ခဲ့သူလို့ဆိုပါတယ်။ သူဟာ ထိုင်းနိုင်ငံက COVID-19 ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့ရသူတွေရဲ့ ၁၀ ဦးမြောက် ဖြစ်ပါတယ်။   လက်ရှိထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၆၅၁ ဦးရှိပြီး အဲဒီထဲမှာ နိုင်ငံခြားသားက ၂၄၄ ဦး ၊ ထိုင်းက ၁၄၀၇ ဦး သက်သာပျောက်ကင်းသူ ၂၅၈ ဦးရှိပြီး ဆေးရုံမှာတက်ရောက်ကုသနေသူ ၉၁၇ ဦးနဲ့ စောင့်ကြည့်ခံနေရ သူပေါင်း ၁၈၆၉၆ ဦး ရှိပါတယ်။  ကိုးကား- NationTV
2 years Ago
Up