၁ ဦးသေဆုံး

March 19, 2021

လွိုင်ကော်သပိတ်စစ်ကြောင်းကို စစ်တပ်နှင့်ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း၊ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် သပိတ်စစ်ကြောင်းကို မတ် ၁၉ ရက်နေ့ မှာ အကြမ်းဖက်စစ်ကောင်စီရဲ့  စစ်တပ်နဲ့ရဲက ကျည်အစစ်သုံး​ပြီး ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် အမျိုးသား ၁ ဦး ဆီးခုံ ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး သားဖွားဆရာမ ၁ ဦး ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

သပိတ်စစ်ကြောင်းက လူငယ်တချို့ ဖမ်းဆီးခံထားရပြီး  အိမ်တွေထဲထားတဲ့ ဆိုင်ကယ်တွေကိုလည်း  ဝင်ယူသွားတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါတယ်။

ဆီးခုံကျည်ထိမှန်သေဆုံးသွားသူဟာ  အသက် ၄၆ နှစ်အရွယ် ဦးရှမ်းပုဖြစ်ပြီး မိုင်းလုံးရပ်ကွက် ပန်းနန်းဒါ လမ်းထဲ နေသူ​ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် အလိုမရှိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြခဲ့ကြရာမှာ လွိုင်ကော်မြို့မှာ မတ်လ ၇ ရက်နေ့ကစပြီး ဆန္ဒပြလူထုကို ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့   ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီး မတ် ၁၉ ရက်နေ့မှာ ကျည်အစစ်တွေနဲ့ စတင်ဖြိုခွင်းတာဖြစ်ပါတယ်။

1 month Ago

February 2, 2020

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁ ဦးသေဆုံး၊ သေဆုံးသူ ၃၀၅ ဦးရှိပြီ

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံထဲမှာ သေဆုံးသူ ဦးရေဟာ ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်ထိ ရတဲ့စာရင်းအရ ၃၀၄ ယောက် ရှိသွားပြီလို့ တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ပြောပါတယ်။ တရုတ်ပြည်မကြီးမှာ ကူးစက်ခံအဖြစ် အတည်ပြုခံရသူ အရေအတွက်က အယောက် ၁၄၃၈၀ ရှိပြီး ကမ္ဘာတဝန်း နိုင်ငံပေါင်း ၂၄ နိုင်ငံထက် မနည်းမှာ ၁၄၅၅၄ ယောက် ကူးစက်ခံထားရပါတယ်။  ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂ ယောက်ရှိပြီး ဒုတိယမြောက် ကူးစက်ခံ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီ ၁ ရက်က သေဆုံးသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အတည်ပြုပါတယ်။ ဒါဟာ တရုတ်နိုင်ငံ ပြင်ပမှာ ပထမဆုံး လူသေဆုံးမှုပါ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၃၀၅ ယောက် ရှိသွားပါပြီ။  စပိန်နိုင်ငံမှာ ပထမဆုံး ကူးစက်ခံလူနာကို ကာနာရီကျွန်းစုက လာဂိုမေရာဆေးရုံမှာ ဖေဖော်ဝါရီ ၁ ရက်က သီးခြားခွဲထားပါတယ်။ လူနာဟာ စပိန်နိုင်ငံကို သူငယ်ချင်း ၅ ယောက်နဲ့အတူ အလည်အပတ် မလာခင်က ဂျာမနီနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ အင်မတန် နီးနီးကပ်ကပ် နေခဲ့တဲ့ ဂျာမန်နိုင်ငံသား ဖြစ်တယ်လို့ စပိန် အာဏာပိုင်တွေက ပြောပါတယ်။ ဗြိတိန်နိုင်ငံထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂ ယောက်ထဲက တယောက်ဟာ ယော့ခ် တက္ကသိုလ်ကျောင်းသား ဖြစ်တယ်လို့ တက္ကသိုလ်က ဖေဖော်ဝါရီ ၁ ရက်မှာ အတည်ပြုပါတယ်။  ဒီကိစ္စကို ကျောင်းသားတွေဆီ ကျောင်းက အီးမေးလ်နဲ့ အကြောင်းကြား အသိပေးခဲ့တယ်လို့ ကျောင်းသားတချို့က ပြောပါတယ်။ တက္ကသိုလ်ကိုတော့ ဆက်ဖွင့်ထားပြီး ပုံမှန်ကျောင်းဖွင့်နေတယ်လို့ တက္ကသိုလ်ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။  လူနာတွေကိုတော့ နယူးကတ်စ်တယ်မြို့က ကူးစက်ရောဂါအထူးကုဆေးရုံဆီ ရွှေ့ပြောင်း ကုသပေးနေတယ်လို့ ကျန်းမာရေးအကြီးအကဲတွေက ဇန်နဝါရီ ၃၁ ရက်မှာ အတည်ပြုပါတယ်။  အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့မှာ ကူးစက်ခံ ၈ ယောက်စီ ရှိနေပြီလို့ အတည်ပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်က စီအန်အန်သတင်းဌာနက အစီရင်ခံပါတယ်။  နိုင်ငံပေါင်း ၂၀ နီးပါးမှာ ကူးစက်ခံ လူနာတွေ တွေ့ထားကြောင်း အတည်ပြုအပြီးမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံတကာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
1 year Ago
Up