၁ သိန်းနှုန်း

January 21, 2020

မန်းရွှေစက်တော်ဘုရားပွဲ ပျံကျဆိုင်ခန်း ၁ သိန်းနှုန်းဖြင့် နေရာချထား

မင်းဘူး၊ စကုမြို့နယ် ၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ မန်းချောင်း အထက်သောင်ရှိ ပျံကျစျေးဆိုင်ခန်း ၂၄၆ ခန်းအား တခန်းကို ကျပ်တ ၁ သိန်းနှုန်းနဲ့ နေရာချထားပေးနေတယ်လို့ သိရပါတယ်။ အထက်သောင်ရှိ ပျံကျဆိုင် တခန်းကို အကျယ် ၇ ပေနဲ့ ၂၁ ပေအရှည်ရှိပြီး သစ်ဝါးနဲ့ ဆောက်လုပ်ခ ၆၀၀၀၀ ကျပ်၊ ဘုရားကြီးအလှူငွေ ကျပ် ၄၀၀၀ စုစုပေါင်း ကျပ် ၁ သိန်း ပေးဆောင်ရတယ်လို့ ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။ “ပျံကျဆိုင်ခန်းက ၂၄၆ ခန်း ရှိပါတယ်၊ ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက နေရာချပေးနေတာပါ။ မနှစ်က ပျံကျစျေးရောင်းသူတွေက ဘုရားကြီးအလှူငွေ ထည့်ဝင်တဲ့ပြေစာ ပြနိုင်ရမယ်၊ ပြေစာပြနိုင်ရင် ကိုယ်ထွက်ခဲ့တဲ့နေရာနဲ့ ဆိုင်ခန်းအရေအတွက်အတိုင်း ပြန်လည်နေရာချပေးပါတယ်၊ မနှစ်က စျေးရောင်းပြီး အလှူငွေ မထည့်ဝင်သူတွေ ရှိပါတယ်၊ သူတို့ကိုတော့ နေရာပြန်မပေးတော့ပါဘူး” လို့ ပြောပါတယ်။ အထက်သောင်ပျံကျစျေးဆိုင်ခန်းတွေကို နှစ်စဉ်ရောင်းချသူ လူဟောင်းတွေသာ လျှောက်ထားနိင်ပြီး ဆိုင်ခန်းရသူတွေဟာ ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာရမှာဖြစ်ပြီး ဘုရားဝတ္တကနယ်မြေအတွင်း လောင်းကစား၊ သေရည်အရက်၊ မူယစ်ဆေးဝါး လုံးဝ မရောင်းဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။ ပျံကျတန်းမှ အမှတ်တရပစ္စည်း ရောင်းချသူတဦးက “မနှစ်က ဆိုင်ခန်းတခန်းကို ဘုရားအလှူငွေ ၃၀၀၀၀ ကျပ်နဲ့ ဆိုင်ခန်းထွက်ခ ဆောက်လုပ်သူတွေကို ၅၄၀၀ ကျပ် ပေးရပါတယ်၊ ပွဲတော်အပြီးအထိ ထွက်ရပါတယ်၊ ပွဲတော်ပြီးသွားရင် ဆိုင်ခန်းကို ဖျက်ပြီး ဆောက်တဲ့သူတွေ ပြန်သိမ်းသွားပါတယ်၊ ဒီနှစ် စျေးပိုပေးရတာ” လို့ ပြောပါတယ်။ ၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၉ ကနေ ဧပြ‌ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ မင်းထီး
1 year Ago
Up