၁ သန်း တိုးထုတ်မည်

June 24, 2018

ရေနံတင်ပို့နိုင်ငံများအဖွဲ့ တနေ့ကို ရေနံစည် ၁ သန်း တိုးထုတ်မည်

ရေနံတင်ပို့နိုင်ငံများအဖွဲ့ (အိုပက်) အဖွဲ့ဝင်နိုင်ငံတွေဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး တနေ့ကို ရေနံစည် ၁ သန်းတိုးထုတ်သွားဖို့  ဗီယင်နာမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲအတွင်း သဘောတူညီလိုက်ကြပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေ တနိုင်ငံချင်းအစား အဖွဲ့အစည်းအနေနဲ့ စဉ်းစားဆုံးဖြတ်တာဖြစ်လို့ ဒါဟာ အောင်မြင်မှုတရပ်လို့ အိုပက်ညီလာခံဥက္ကဋ္ဌလည်းဖြစ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ စွမ်းအင်နဲ့စက်မှုဝန်ကြီးလည်းဖြစ်တဲ့ မိုဟာမက်အယ်လ်မာဇိုရီကပြောပါတယ်။ အခုလို အားလုံးတစုတစည်းတည်း ဆုံးဖြတ်နိုင်တာဟာ အိုပက်အနေနဲ့ ရေနံဈေးကွက် တည်ငြိမ်ရေးကို အလေးထားတယ်ဆိုတာ ပြသလိုက်တာလို့ သူကဆက်ပြောပါတယ်။ အိုပက်အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားကမ္ဘာ့ ရေနံထွက်နိုင်ငံတွေဟာ ရေနံဈေးကွက် ဟန်ချက်ညီအောင်လုပ်ဖို့ ၁၈ လအတွင်း ၁ လကို ရေနံစည် ၁ ဒသမ ၂ သန်းပဲ ထုတ်သွားဖို့ ၂၀၁၆ ခုနှစ်က ပူးတွဲလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရေနံထုတ်လုပ်ရာမှာ ကန့်သတ်ချက်တွေရှိနေတဲ့ လစ်ဗျားနဲ့ဗင်နီဇွဲလားတို့လို နိုင်ငံတွေကြောင့် ပုံမှန်ထုတ်တဲ့ပမာဏဟာ အမှန်တကယ်သတ်မှတ်ထားတဲ့ ပမာဏထက် လျော့ကျခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာ ရှိရာကနေ ဒေါ်လာ ၈၀ အထိ ဈေးတက်ခဲ့ပါတယ်။
3 years Ago
Up