၁ လုံး ဆုံးရှုံး

January 29, 2017

ဆားလင်းကြီး အက်စစ်စက်ရုံ ဝန်ထမ်းအိမ်ရာ မီးလောင်၊ နေအိမ် ၁ လုံး ဆုံးရှုံး

ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာမှာရှိတဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံအနီးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က လူနေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့ လူနေအိမ်ဟာ အက်စစ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ အိမ်ခန်းတွဲ ၆ တွဲရှိတဲ့အထဲက လူနေအိမ် ၁ အိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ "နေအိမ်က ဝါယာကြိုးတွေ ပေါက်ပြဲနေတဲ့အတွက် လျှော့ဖြစ်ပြီး လောင်ကျွမ်းတာပါ။ တစ်အိမ်တည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်" လို့ ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး နေဖြိုးအောင်က ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဆားလင်းကြီးမြို့နယ် မီးသတ်မှ မီးသတ်ကား ၃ စီးနဲ့ မိုင်းနယ်မြေမီးသတ်မှ မီးသတ်ကား ၁ စီးတို့ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် တန်ဖိုး ကျပ် ၂၃၆၅၀၀ ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းမှ နေအိမ်ခန်းမှာ နေထိုင်သူ ဦးဌေးကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
4 years Ago
Up