၁၉၈၈ လေယာဉ်ဗုံးခွဲမှု

December 22, 2020

လူ ၂၇၀ သေခဲ့သည့် လေယာဉ်ဗုံးခွဲမှုဖြင့် လစ်ဗျားထောက်လှမ်းရေးအရာရှိဟောင်းကို တရားစွဲ

လူ ၂၇၀ သေဆုံးခဲ့ရတဲ့ ၁၉၈၈ လေယာဉ်ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လစ်ဗျား ထောက်လှမ်းရေး အကြီးတန်း အရာရှိဟောင်းကို အမေရိကန်အစိုးရက ရာဇဝတ်မှု ၂ မှုနဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ တရားစွဲလိုက်ပါတယ်။ စကော့တလန်နယ် လော့ခ်ကာဘီးမြို့ပေါ်မှာ ဖြတ်ပျံနေတုန်း ပန်အမ်းလေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ် အမှတ် ၁၀၃ ဟာ ဗုံးခွဲခံရလို့ အမေရိကန်နိုင်ငံသား အယောက် ၁၉၀ သေဆုံးခဲ့ရတာပါ။  တရားမျှတမှု ရဖို့ ကြိုးစားနေတဲ့ အမေရိကန်နဲ့ စကော့တလန်ကို ဘယ်လို အချိန်အခြေအနေမျိုးကမှ မဟန့်တားနိုင်ဘူးလို့ အမေရိကန်အစိုးရ ရှေ့နေချုပ် ဝီလျံဘားက ဒီဇင်ဘာ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လစ်ဗျား ထောက်လှမ်းရေး အကြီးတန်း အရာရှိဟောင်းအဘူ အာဂီလာမိုဟမ်မဒ် မာဆွဒ်ခီအာအယ်လ်မာရီမီကို ရာဇဝတ်မှု ၂ မှုနဲ့ တရားစွဲထားပြီး လစ်ဗျား အချုပ်ခန်းထဲမှာ ရှိနေတယ်လို့ ဘားက ဆက်ပြောပါတယ်။  သူ့ကို အမေရိကန်နိုင်ငံထဲမှာ တရားစီရင်ဖို့ လစ်ဗျားအစိုးရက ခွင့်ပြုမယ်လို့ အမေရိကန် အရာရှိတွေက မျှော်လင့်ထားပါတယ်။ မာဆွဒ်ဟာ လစ်ဗျားထောက်လှမ်းရေးအတွက် ၁၉၇၃ ကနေ ၂၀၁၁ ခုနှစ်ကြား ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ရာမှာ နည်းပညာရှင်အနေနဲ့ အပါအဝင် စွမ်းဆောင်ရည်အမျိုးမျိုးနဲ့ အလုပ်လုပ်ပေးခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ မာဆွဒ်ဟာ ဂျာမနီနိုင်ငံ အနောက်ဘာလင်ပြည်နယ်က ၁၉၈၆ ဗုံးခွဲမှုမှာလည်း ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရပါတယ်။
10 months Ago
Up