၁၇နှစ်ငယ်ကျဆုံး

March 30, 2021

အကြမ်းဖက်စစ်အုပ်စုက လိုက်လံပစ်ခတ်ဖမ်းဆီးသွားသည့် ထားဝယ်က ၁၇ နှစ်လူငယ် ကျဆုံး

မတ် ၂၇ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ အထက ၃ ကျောင်းအနီး ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးအား အကြမ်းဖက်စစ်အုပ်စုက ကားနဲ့ လိုက်လံပစ်ခတ်ပြီး ကျည်သင့်ဒဏ်ရာနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ထားဝယ် လူငယ် ၁ ဦး ဒီနေ့ ဆုံးသွားပြီလို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

“ဆိုင်ကယ်နဲ့ ပစ်ခံထိတဲ့တယောက်က မနက်က ဆုံးသွားပြီ။ အဲတုန်းက နှစ်ယောက်လွတ်သွားတာ၊ မိသွားတဲ့ ၁ ယောက်ဆုံးသွားတာ။ ကောင်လေးက ပိန္နဲတောရပ်ကွက်မှာနေတာ။” 

မတ် ၂၇ ရက်နေ့ ထားဝယ် အာဇာနည်လမ်းမကြီးအတိုင်း လူငယ် ၃ ဦး ဆိုင်ကယ်တစီးနဲ့ မောင်းလာတာကို 4wd double cab  ကား ၂ စီးနဲ့လာတဲ့ အကြမ်းဖက်စစ်အုပ်စုက အထက ၃ ကျောင်းအနီး ကားရပ်ပြီး လိုက်လံပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်စီးလာတဲ့ ၃ ဦးထဲက ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ကျည်ဆန်ထိမှန်တဲ့ တယောက်ကိုတော့ အကြမ်းဖက်စစ်သားတွေက လက်နဲ့ ခြေတောက်ကို တဖက်စီကိုင်ပြီး ကားပေါ်ဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာပါ။

သေနတ်ဒဏ်ရာတွေနဲ့ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက် ၁၇ နှစ်အရွယ် ကျော်မင်းလတ်ကို စစ်တပ်ကုတင် ၁၀၀ မှာ ထားရှိကုသတာဖြစ်ပြီး ဒီနေ့မနက် ၁၁ နာရီလောက်မှာ ကွယ်လွန်သွားတာလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“ပစ်ခံရတာက နားရွက်အနောက်ဘက်နားမှာ၊ နားရွက်လည်း နည်းနည်းပါသွားတယ်။ ကုတင် ၁၀၀ ဆေးရုံမှာ ကုပေးတာ၊ ဒီနေ့မနက်ဆုံးသွားတော့ အမေနဲ့အဖေက အလောင်းသွားယူလာတယ်။ ၁၇ နှစ်ပဲရှိသေးတာ၊ ၈ တန်းနဲ့ကျောင်းထွက်ပြီး အမေအဖေ လုပ်ကျွေးနေတဲ့ကလေးပါ၊ ဖြစ်သွားတာက ၂၇ ရက်နေ့မှာဖြစ်တာ၊ သေဆုံးတာနဲ့ သူတို့ခေါ်ပြီး ပေးပါတယ်။”

တပ်မတော်ဆေးရုံက မိသားစာကိုထုတ်ပေးလိုက်တဲ့ သေဆုံးကြောင်းလက်မှတ်မှာတော့ “ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ကနဦး ဦးခေါင်းပြင်းထန်စွာဒဏ်ရာရရှိခြင်း” ဟု ဖော်ပြထားပါတယ်။

ကျဆုံးသွားတဲ့ မောင်ကျော်မင်းလတ်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဧပြီ ၁ ရက်နေ့ ကြာသပတေးနေ ကျင်းပမယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ တနိုင်ငံလုံးရှိ အာဏာရှင်ဆန်ရှင်အား ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့သူရဲကောင်းတွေကို ဝမ်းနည်းအောက်မေ့တဲ့အနေနဲ့ ဒီနေ့မနက်ပိုင်းကလည်း အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အသံတိတ်ဆန္ဒဖော်ထုတ်မှုကို ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၊ NLD ပါတီလူငယ်၊ LGBT အလှဖန်တီးရှင်အဖွဲ့တို့ ပူးပေါင်းတဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြချီတက်ခဲ့ကြတာပါ။

8 months Ago
Up