by dvburma
ပါကစ္စတန်နိုင်ငံ မူလ်တန်မြို့ တောင်ပိုင်းမှာ ၁၆ နှစ်အရွယ် မိန်းကလေးတဦးအား လက်စားချေအဓမ္မပြုကျင့်ဖို့ အမိန့်ချမှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားမ၀င်ရွာကောင်စီဝင် ၂၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၂၇ ရက်က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ မူလ်တန်မြို့ တောင်ပိုင်းမှာ ဇူလိုင် အစောပိုင်းက ၁၆ နှစ်အရွယ် ယောက်ျားလေးတဦးဟာ ၁၃ နှစ်အရွယ် အိမ်နီးချင်း မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသကောင်စီကို ခေါ်ယူခဲ့ပါတယ်။ အဲဒီကောင်စီက အဓမ္မပြုကျင့်သူရဲ့ ညီမဖြစ်သူကို ပြုကျင့်ခံရသူရဲ့ အစ်ကိုဖြစ်သူထံ လွှဲပြောင်းပေးရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။
မိသားစုက မိန်းကလေးကို လွှဲပြောင်းအပြီးမှာတော့ ဇူလိုင် ၁၇ ရက်က ပြစ်ဒဏ်ချမှတ်ခဲ့လို့ လက်စားချေ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုဟာ နှစ်ဘက်မိသားစုတွေက အပြန်အလှန် အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲကြတဲ့အခါမှ လူသိများလာတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ဖို့ တရားရုံးချုပ်က တောင်းဆိုထားပါတယ်။
ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်က “ကျနော် သက်ဆိုင်ရာ ရဲဝန်ထမ်းအဆင့်ဆင့်ကို ရာထူးချထားပြီးပါပြီ။ အဲဒီလို ရာထူးချတာဟာ တရားမျှတမှု ရှိတယ်ဆိုတာကို မြင်စေချင်လို့ပါ။ ဒီအမှုဟာ တရားမျှတမှု ရှိစေရပါမယ်။ ကျနော် ကတိပေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကျေးရွာ ရပ်မိရပ်ဖတွေနဲ့ အမြန်တရားစီရင်တဲ့ အစဉ်အလာဟာ ရာစုနှစ်ချီပြီး အမြစ်တွယ်နေတာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်တုန်းကလည်း ဆယ်ကျော်သက် မိန်းကလေးတဦးကို ဒေသကောင်စီ အမိန့်နဲ့ အုပ်စုဖွဲ့အဓမ္မ ပြုကျင့်ခဲ့ပါတယ်။
နိုင်ငံရဲ့ဒေသအတော်များများမှာ အဲဒီကျေးရွာ ကောင်စီတွေကို တရားရုံးတွေနဲ့ ရဲတပ်ဖွဲ့တွေက အသိအမှတ်မပြုပါဘူး။
6 years Ago