၁၆ နှစ်အရွယ် မိန်းကလေး

May 6, 2018

အဓမ္မပြုကျင့်ခံရသည့် ၁၆ နှစ်အရွယ် မိန်းကလေး အရှင်လတ်လတ် မီးရှို့သတ်ခံရ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်က ရွာတရွာမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရလို့ မိဘတွေက ရွာလူကြီးတွေကို တိုင်ကြားပြီးတဲ့နောက် မိန်းကလေးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်လို့ ရဲတွေက ပြောကြောင်း ဘီဘီစီသတင်းမှာ မေလ ၅ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီမီးရှို့မှုနဲ့စပ်လျဉ်းပြီး လူ ၁၄ ဦးကိုလည်း ဖမ်းဆီထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်သူတွေကို ရွာလူကြီးတွေက ထိုင်-ထ အကြိမ် ၁၀၀ နဲ့ ရူပီ ၅ သောင်း (ပေါင် ၅၅၀) ဒဏ်ငွေပေးဆောင်ဖို့ ပစ်ဒဏ်ချမှတ်ခဲ့လို့ အဓမ္မပြုကျင့်သူတွေက အရမ်းဒေါသထွက်ပြီး မိန်းကလေးရဲ့ မိဘတွေကို ရိုက်နှက်ကာ မိန်းကလေးကို မီးရှို့ခဲ့တာပါ။ “အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံရတဲ့သူ ၂ ဦးက ကောင်မလေးရဲ့ မိဘတွေကို ရိုက်နှက်ပြီး အိမ်ထဲ ပြေးဝင်တယ်။ အဲ့ဒီမှာ သူတို့ကို ဝိုင်းကူသူတွေနဲ့အတူ ကောင်မလေးကို မီးရှို့ခဲ့တာ” လို့ နယ်မြေရဲစခန်းက ရဲအရာရှိ အက်စ်ဟော့က်ရမ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ မိဘတွေ မင်္ဂလာဆောင်သွားနေချိန်မှာ မိန်းကလေးကို သူမရဲ့အိမ်ကနေ ပြန်ပေးဆွဲခဲ့တယ်လို့ ယူဆရပြီး ရာဂျာကန်ဒူရာရွာအနီးက သစ်တောထဲမှာ အမျိုးသား ၂ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲကပြောပါတယ်။ မိဘတွေက ဒီကိစ္စကိုသိပြီး ကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရားစွဲဆိုဖို့ ရွာလူကြီးတွေကို တိုင်ကြားခဲ့တာပါ။ အိန္ဒိယကျေးလက်အပိုင်းတော်တော်များများမှာ သြဇာအာဏာကြီးတဲ့ ရွာကောင်စီလူကြီးအဖွဲ့က တရားဥပဒေကြောင်းအရ မဆောင်ရွက်ဘဲ အငြင်းပွားမှုကို ဖြေရှင်းခဲ့ကြပါတယ်။ ဆက်စပ်မီးရှို့လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုတို့ကို စုံစမ်းစစ်ဆေးဖို့ လူ ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး အဓမ္မပြုကျင့်သူ ၂ ဦးထဲက တဦးကိုတော့ ခုထိ ဖမ်းလို့ မရသေးဘူးလို့ စုံစမ်းရေးအရာရှိတဦးက ပြောပါတယ်။ ဒါပေမယ့် ရွာလူကြီးတွေကိုလည်း သက်သေဖျောက်ဖျက်မှုနဲ့ တရားမဝင်တဲ့ အမိန့်တွေကို ထုတ်ပြန်ခဲ့လို့ တရားစွဲဆိုထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှု ၄ သောင်းခန့် ရှိတယ်လို့ တိုင်ကြားခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ဆက်စပ်ပြီး အမဲစက်ဖြစ်အရှက်ရမှာကြောင့် အမှုတော်တော်များများကို မတိုင်ကြားခဲ့ကြဘူးလို့ သိရပါတယ်။
3 years Ago
Up