၁၆ ဦးထက်မနည်းသေဆုံး

September 28, 2020

အာမေးနီးယားနှင့်အဇာဘိုင်ဂျန် ပဋိပက္ခ  ၁၆ ဦးထက်မနည်းသေဆုံး

၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံကြား အပြင်းထန်ဆုံးပဋိပက္ခအတွင်း စက်တင်ဘာ ၂၇ ရက်က စစ်ဘက်နဲ့အရပ်သားတွေ ၁၆ ယောက်ထက် မနည်း သေဆုံးပါတယ်။  ကမ္ဘာ့ဈေးကွက်ကို ရေနံနဲ့သဘာဝဓာတ်ငွေ့ ပို့ဆောင်ရာ ပိုက်လိုင်းတွေရှိတဲ့ စင်္ကြန်ဒေသ ဖြစ်တဲ့ ကော့ကေးဆပ်တောင်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် စိုးရိမ်မှုတွေ ပြန်မီးပွားထလာခဲ့ တာပါ။ ဆိုဗီယက်ပြည်ထောင်စု လက်အောက်ခံဖြစ်ဖူးတဲ့ ၂ နိုင်ငံကြား ၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်ဖြစ်ခဲ့ဖူးပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံထဲမှာရှိပြီး အာမေးနီးယန်းတိုင်းရင်းသားတွေအုပ်ချုပ်တဲ့ နာဂေါ်နို ခါရာဘတ်ခ် ခွဲထွက်ရေးဒေသနဲ့ ပတ်သက်ပြီး ကာလကြာရှည် ပဋိပက္ခ ဖြစ်နေပါတယ်။ စက်တင်ဘာ ၂၇ ရက် မနက်က အဇာဘိုင်ဂျန်ဘက်က လေကြောင်းနဲ့ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်အပြီး စစ်ဘက်၊အရပ်ဘက် ဝန်ထမ်း ၁၆ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ နာဂေါ်နို ခါရာဘတ်ခ်အစိုးရက ပြောပါတယ်။ အာမေးနီးယားနဲ့ နာဂေါ်နိုခါရာဘတ်ခ် ဒေသတွေမှာ စစ်ဥပဒေထုတ်ပြန်ထားပြီး အမျိုးသားထုကို စည်းရုံးသိမ်းသွင်းထားပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံမှာလည်း စစ်ဥပဒေ ထုတ်ပြန်ထားပြီး ရွာ ၇ ရွာကို ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။  အာမေးနီးယားကတော့ အစောပိုင်းက ငြင်းပေမယ့် တချို့ နေရာတွေ ဆုံးရှုံးခဲ့တယ်ဆိုတာကို နောက်ပိုင်းမှာ အသိအမှတ်ပြု ပြောဆိုပါတယ်။  အရပ်သား သေဆုံး ဒဏ်ရာရတာ ရှိတယ်လို့ ပြောပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။
12 months Ago
Up