၁၆ ဦး သေဆုံး

April 16, 2017

သီရိလင်္ကာတွင် ပေ ၃၀၀ အမြင့် အမှိုက်ပုံကြီးပြိုကျ၊ ၁၆ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ဧပြီ ၁၅ ရက်နေ့က ကြီးမားတဲ့အမှိုက်ပုံကြီး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး အတော်များများ ပျောက်ဆုံးနေပါတယ်။ ပေ ၃၀၀ လောက်မြင့်တဲ့ အမှိုက်ပုံကြီး မီးစွဲလောင်ပြီးတဲ့နောက်မှာ တဖြည်းဖြည်းချင်းပြိုကျခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ မိုးခြိမ်းသံလို အသံကျယ်ကြီးတွေ ကြားခဲ့ရပြီးတဲ့နောက် လူတွေအော်ဟစ်သံကို ကြားခဲ့ရတယ်၊ အဲဒီနောက် အနီးအနားရှိ နေအိမ်တွေပေါ် ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ အမှိုက်ပုံအနီးရှိ တဲအိမ် ၁၀၀ လောက်ပေါ် ပြိုကျခဲ့ပြီး လူဘယ်နှဦး ပိတ်မိနေသလဲဆိုတာ မခန့်မှန်းနိုင်ဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ တဲအိမ် ၁၄၅ လုံးလောက် ပြိုကျခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြိုကျတဲ့ အမှိုက်ပုံအောက် လူဘယ်နှဦး ပိတ်မိနေသလဲဆိုတာကိုတော့ ခန့်မှန်းပြောဆိုတာမျိုး မရှိပါဘူး။ အခုအခါ အသက်ရှင်လျက်ပိတ်မိနေသူတွေကို ကြိုးစားကယ်တင်နိုင်ဖို့အတွက် အာဏာပိုင်တွေက ဘူဒိုဇာမြေတူးစက်သုံးပြီး ရှာဖွေနေပါတယ်။ ဒီအမှိုက်ပုံကြီးကို နေရာပြောင်းရွှေ့ဖို့ အနီးအနားနေထိုင်သူတွေက အာဏာပိုင်တွေထံ တောင်းဆိုထားပြီး ပြောင်းရွှေ့ဖို့ စီစဉ်နေချိန်မှာ အခုလို ရုတ်တရက်ပြိုကျခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း အီသီယိုပီးယားနိုင်ငံမှာ ကြီးမားတဲ့အမှိုက်ပုံကြီး ရုတ်တရက်ပြိုကျပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up