၁၅ သန်း ခိုးယူခံရ

May 19, 2018

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်ဒေါ်လာ ၁၅ သန်း ခိုးယူခံရ

ဆိုက်ဘာတိုက်ခိုက်မှုတခုကြောင့် ငွေလွှဲပြောင်းမှုအမှားတွေ ဖော်ပြပြီး ကုမ္ပဏီ ၅ ခု အမေရိကန်ဒေါ်လာ ၁၅ သန်း ခိုးယူခံလိုက်ရတယ်လို့ မက္ကဆီကို ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် ဒီဖောက်ထွင်းမှုကို ဘယ်သူတွေ လုပ်တယ်ဆိုတာနဲ့ ငွေလွှဲပြောင်းမှုအတု တွေလုပ်ဖို့ ငွေပေးချေမှုစနစ်ထဲ ဘယ်လို ၀င်ရောက်ခဲ့လဲဆိုတာကို  အာဏာပိုင်တွေက ဖော်ထုတ်နေတယ်လို့ မက္ကဆီကို ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အလက်ဟန်းဒယိုး ဒီယာ လီယွန်က ပြောပါတယ်။ ဒီငွေပေးချေမှုစနစ်မှာ လုပ်ဆောင်ရအဆင့် သန်းချီရှိပါတယ်။ သူတို့တွေ လုံခြုံရေးအပြည့်သုံးပြီး ဆက်လုပ်မှာပါ။ အခိုးခံလိုက်ရတဲ့အချိန်သုံးတဲ့ အပလီကေးရှင်းတွေ၊ ငွေလွှဲပြောင်းမှုမှာ ပါတဲ့ ငွေစာရင်းတွေက သုံးစွဲသူတွေဆီကနေ လာတာမဟုတ်ပါဘူး လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အလက်ဟန်းဒယိုး ဒီယာလီယွန်က ပြောပါတယ်။ မက္ကဆီကိုဗဟိုဘဏ်ဟာ ဆိုက်ဘာတိုက်ခိုက်ခံရတယ်ဆိုတာနဲ့ ဆုံးရှုံးပမာဏကို ကြေညာဖို့ အချိန် ၃ ပတ်ယူခဲ့ပါတယ်။ လောလောဆယ် ဆုံးရှုံးနိုင်တဲ့ စွန့်စားမှုက မပြီးသေးပါဘူး။ ကျနော်တို့ သိထားတဲ့သတင်းက အစပဲရှိပါသေးတယ်။ ဒါကိုလည်း တာဝန်ခံသင့်ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲမှာ အစုံအဆန်လေ့လာဆန်းစစ်ပြီး ငွေတွေ ပြန်ရဖို့၊ ငွေချေးစာချုပ်တွေ ပြန်ရဖို့၊ ဆက်ပြီး လွှဲပြောင်းတာတွေ မလုပ်နိုင်ဖို့ ကျနော်တို့ လုပ်သွားပါမယ်လို့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။ အီလက်ထရောနစ်ငွေပေးချေမှုစနစ် SPEI ဟာ တိုက်ရိုက်တိုက်ခိုက်ခံရတာ မရှိခဲ့သလို အာမခံထားသူတွေရဲ့ ငွေတွေလည်း ဘေးကင်းကင်းရှိတယ်လို့ သူကပြောပါတယ်။ မက္ကဆီကိုနိုင်ငံဟာ SPEI ကို နေ့စဉ်ဒေါ်လာသန်း ထရီလီယံချီငွေလွှဲပြောင်းနေတဲ့ ကမ္ဘာတ၀ှမ်းလုံးသုံး SWIFT ငွေလွှဲစနစ်လို ပြည်တွင်းကွန်ရက်အဖြစ် သုံးနေတာဖြစ်ပါတယ်။
3 years Ago
Up