၁၄ နှစ်အရွယ်

June 24, 2017

၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူလေးအား ပထွေးဖြစ်သူက အဓမ္မပြုကျင့်

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာ နယ်မြေ ၉ အောင်ဆန်းရပ်ကွက်မှာ ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့ တိုင်ကြားချက်အရ ဇွန် ၂၂ နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့် လိုက်ပါတယ်။ မယားပါသမီးဖြစ်သူကို ပြီးခဲ့တဲ့ မေ ၁၂ နဲ့ ဇွန် ၉ ရက်မှာ ၂ ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ၈ တန်းကျောင်းသူလေးရဲ့ မိခင်ဟာ  မေလ ၁၂ ရက်နေ့က ဆေးရုံမှာ လူနာညစောင့် သွားအိပ်ပေးနေချိန် အိမ်မှာ သမီးဖြစ်သူ တူမဖြစ်သူနဲ့ ပထွေးဖြစ်သူ ညိုဝင်းတို့ ၃ ဦးကျန်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီနောက်မှာတော့ ပထွေးဖြစ်သူက မယားပါ သမီးဖြစ်သူကို ထမင်းစားဖို့ဆိုပြီး ဘဲဥကြော်ခိုင်းလို့ အိပ်ရာက ထလာစဉ် ပါးစပ်ပိတ်ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ကြောင်း၊ မုဒိမ်းကျင့်တာကို တွေ့ရှိခဲ့တဲ့ တူမဖြစ်သူကိုလည်း အခြားသူတွေကို ပြန်မပြောဖို့ ခြိမ်းခြောက်တာဖြစ်ပြီး ဇွန်လ ၉ နေ့ကလည်း မိခင်ဖြစ်သူ ပဲပြုတ်ရောင်းသွားစဉ် ပထွေးဖြစ်သူက နေအိမ် အိမ်ခန်းအတွင်း ၀င်ရောက်ပြီး အဓမ္မတကြိမ်ပြုကျင့်ခဲ့သေးကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။ “လက်ရှိနစ်နာတဲ့ ၈ တန်းကျောင်းသူနဲ့ တရားခံကို ဆေးစစ်ဆေးမှုခံယူထားသော်လည်း ထင်မြင်ယူဆချက်ပြန်လည်ရ ရှိခြင်းမရှိသေးပါဘူး။ မုဒိမ်းမှုမြောက်လား မမြောက်လား ဆိုတာကိုလည်း အတည်ပြုမပြောနိုင်သေးဘူး။ စွပ်စွဲခံရသူ ညိုဝင်းကို ရေးမြို့မရဲစခန်း (ပ)၁၆၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်-မ၃၇၆ နဲ့အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေပါတယ်” လို့ ရေးမြို့မရဲစခန်းက ဒုရဲမှူးစိုးမွန်က ပြောပါတယ်။ နေမျိုးထွဋ် (ရေး)
4 years Ago

March 18, 2017

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကို ဖမ်းဆီး

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးကမ်းရပ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို မြိတ်ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။ အင်းလေးကမ်းရပ်မှာ နေထိုင်တဲ့ မထွေးငယ် အသက် ၁၄ နှစ်ဟာ မတ်လ ၁၄ ရက်နေ့က  နေအိမ်မှ နောက်လယ်ရပ်ရှိ စံရိပ်နွယ် အလှပြင်ဆိုင်ကို အလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ၃ ရက်အကြာမှာ အလှပြင်ဆိုင်က မထွေးငယ်အား အလုပ်လွှတ်ပေးဖို့ အလုပ်မလာတာ ၃ ရက်ရှိပြီဖြစ်ကြောင်း ဖုန်းနဲ့အကြောင်းကြားခဲ့မှ သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရလို့ ရပ်ကွက်အတွင်း လိုက်လံရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘဲ မတ်လ ၁၆ ရက်မှ မထွေးငယ်ဟာ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူအား မေးမြန်းချက်အရ အလုပ်ထွက်လာစဉ် ထူးထူးတိုးရေခဲစက်အနီးအရောက်မှာ အလုပ်နောက်ကျနေလို့ အသိဖြစ်သူ မျိုးငယ်ကို ဖုန်းဆက်ပြီးအကူညီတောင်းကြောင်း၊ မျိုးငယ်က လိုက်ပို့ပေးမယ့်အကြောင်းနဲ့ အလုပ်ကိုခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ မျိုးငယ်ရဲ့ ဆောက်လက်စလက်ဖက်ရည်ဆိုင်ကို လိုက်သွားခဲ့ရာမှ အိပ်ခန်းအတွင်း ခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရကြောင်း၊ ဒီနောက်မှာတော့ ဇော်ငယ်နဲ့ ကြည်လွင်တို့ကလည်း သားမယားမအဖြစ်ပြုကျင့်ခဲ့တယ်လို့ သမီးဖြစ်သူက ပြန်လည်ပြောပြကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မထွေးငယ်ရဲ့ အမေဖြစ်သူက ရဲစခန်းမှာ တရားလိုအဖြစ် တိုင်ကြားခဲ့လို့ မျိုးငယ် ပါ ၃ ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၄၃ အရ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားကြောင်း မြိတ်ရဲစခန်းက ပြောပါတယ်။ မြတ်ထွဋ် (မြိတ်)
5 years Ago
Up