၁၄ ရက်စောင့်ကြည့်

April 3, 2020

လူနာ ၁၆ နှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၁၇ ဦးကို ၁၄ ရက်စောင့်ကြည့်

COVID -19 ၁၆ ယောက်မြောက်လူနာနဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၁၇ ဦးကို Facility Quarantine အဖြစ် ၁၄ လေးရက်စောင့်ကြည့်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ ၁၆ယောက်မြောက် အတည်ပြုလူနာဟာ မြောက်ဥက္ကလာဆေးရုံကြီးမှာ သာမန်လူနာအဖြစ် အရင်တက်ရောက်ခဲ့တာဖြစ်တဲ့အတွက် သူ့ကို အနီးကပ်ကြည့်ရှုခဲ့သူ ၁၇ ဦးကို အခုလို စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ အဲဒီလူနာအမျိုးသမီးဟာ ဒူဘိုင်းက ပြန်လာတဲ့သူ့ရဲ့သားဖြစ်သူကို လေဆိပ်မှာသွားကြိုခဲ့ပြီး မြောက်ဥက္ကလာပရှိ အဆောင်တခုမှာ နေထိုင်စဉ် ဖျားနာလာတာကြောင့် မြောက်ဥက္ကလာပြည်သူ့ဆေးရုံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီအမျိုးသမီးဟာ ဆေးရုံမှာ အမှန်အတိုင်းမပြောခဲ့ဘူးလို့ ပြောဆိုနေကြပေမယ့် လူနာတွေအပေါ် ခွဲခြားဆက်ဆံခြင်းမပြုဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မေတ္တာရပ်ခံပါတယ်။  ထို့အတူ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို လိုက်နာဖို့လည်း သူက တိုက်တွန်းပါတယ်။  မြန်မာတနိုင်ငံလုံးမှာ COVID-19 စောင့်ကြည့်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၄၂ ဦးထဲ  ၂၂ ဦးမှာ ရောဂါပိုးမတွေ့ရှိဘဲ အယောက် ၂၀ ကို ဆက်လက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
1 year Ago
Up