တရုတ်နိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် အသီးသီးရှိကြတဲ့ သတို့သား၊ သတို့သမီး ၂ ဦးရဲ့ မင်္ဂလာပွဲ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ချိန်မှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံ ကျေးလက်ဒေသတခုမှာ ဖြစ်ခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးရဲ့ မင်္ဂလာပွဲဖြစ်တာအပြင် မင်္ဂလာဆောင်ချိန်မှာ သတို့သမီးက ကိုယ်ဝန် ၅ လ ဆောင်ထားခဲ့ရတာကလည်း လူပြောများစရာ ဖြစ်နေခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေဟာ ဝေဖန်မှတ်ချက်တွေ အမျိုးမျိုးပေးခဲ့ကြပြီး တချို့ကတော့ သတို့သား၊ သတို့သမီးတွေရဲ့ အသက်အရွယ်ဟာ ငယ်လွန်းတာမို့ တယောက်ကိုတယောက် စောင့်ရှောက်နိုင်ကြမှာမဟုတ်လို့ ခွဲထားသင့်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ဒီမင်္ဂလာပွဲကို ပြီးခဲ့တဲ့လက ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့စုံတွဲဟာ ဟီနန်းခရိုင်၊ ဒင်အန်းဒေသမှာ နေထိုင်နေကြတာပါ။
ဒေသတွင်း တာဝန်ရှိသူတဦးကတော့ ဒါဟာ အသက်အရွယ် မပြည့်သေးဘဲ လက်ထပ်တာမျိုးဖြစ်ပြီး သူတို့ရဲ့ လက်ထပ်ထိန်းမြားမှုကို တရားဝင်မှတ်ပုံတင်ခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မင်္ဂလာမောင်မယ် ၂ ဦးဟာ အနီရောင် တရုတ်ရိုးရာ မင်္ဂလာဝတ်စုံတွေ ဝတ်ဆင်ထားခဲ့ကြကာ ၂ ဘက်ဆွေမျိုးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြတာကို တွေ့ရပါတယ်။
ဝေဘို အမည်ရတဲ့ တရုတ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာတော့ ချယ်ရီဟန်ဘိုး အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးက “သူတို့အရွယ်ဟာ ပီဘိ ကလေးတွေပဲ ရှိပါသေးတယ်။ လာမယ့်အနာဂတ်မှာ သူတို့ယူရမယ့် တာဝန်တွေကို ဘယ်လိုထမ်းပိုးနိုင်မလဲ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
အများစုကတော့ ကျေးလက်ဒေသရဲ့ လူနေမှုစနစ်မှာ ပညာဆက်လက်သင်ယူနိုင်ဖို့ ပျိုးထောင်ပေးရမယ့်အစား ငယ်ရွယ်ချိန်မှာ ခုလို အိမ်ထောင်ပြုစေတာမျိုးဟာ တကယ့်ကို စိတ်ပူပန်စရာ ဖြစ်နေတယ်လို့ ပြောဆိုနေကြတာပါ။
တရုတ်နိုင်ငံရဲ့ တရားဝင် လက်ထပ်ခွင့်ရှိတဲ့ အသက်အရွယ်ကို အမျိုးသမီးတွေအတွက် ၂၀ နှစ်လို့ သတ်မှတ်ထားပြီး အမျိုးသားတွေကိုတော့ ၂၂ နှစ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
6 years Ago